ဘဲဥ

 “ ဘဲဥဘယ်လောက်လဲ ”

“ ၄၀၀ ”


၁၉၈၈ အထိပြန်တမ်းဝင်အရာရှိလစာ ၄၅၀/ကျပ်။ဘဲဥတလုံးတကျပ်တကျပ်ခွဲရှိခဲ့တယ်။အခုဘဲဥတလုံး ၄၀၀/ဆိုပဲ။နှစ်ပေါင်း (၃၅)နှစ်အတွင်းမြန်မာနိုင်ငံပျက်စီးဆုတ်ယုတ်ကျဆင်းခြင်းအမှတ်လက္ခဏာတခုပါ။၂၀၂၃ ဘဲဥတလုံးပေါက်ဈေးဟာ ၁၉၈၈ ခုနှစ်အစိုးရပြန်တမ်းဝင်အရာရှိတယောက်တလစာပါ။


ဘဲဥသည်ကဈေးသာရောင်းနေရတယ်။မှိုင်တိုင်တိုင်ငေါင်တောင်တောင်နဲ့။အရောင်းအဝယ်မကောင်းလို့ထင်တယ်။ကိုယ်ကဘာမှမမေးရသေးဘူး။သူကပြောပြတယ်။


“ ဦးလေးရေ…ကိုယ်ရင်းရတဲ့ငွေသာများလာတယ်…ရတဲ့ကုန်ပစ္စည်းကနည်းနည်းလေး..ရတဲ့အမြတ်ကဒီ‌လောက်ကဒီလောက်ပဲ…နေ့ပြန်တိုးယူရောင်းရတာအခန့်မသင့်ရှုံးအုံးမယ်”


ကျွန်တော်ကဘဲဥကိုနားမလည်ပဲနားလည်သလိုဟိုကိုင်ကြည့်ဒီကိုင်ကြည့်လုပ်ရင်း။


“ ဘယ်ကဥလဲ”

“ ဖျာပုံက”


ဈေးသည်ကပျင်းရိပျင်းတွဲဖြေတယ်။ဘဲဥဈေးလာမေးပြီးမဝယ်ပဲနဲ့အင်တာလာဗျုးနေလို့။


“ ဖျာပုံကဘဲဥလား” 

“ ဖျာပုံမြို့ပေါ်တော့မဟုတ် ဘူး…အနားကရွာတွေကစုကောက်ပြီးဖျာပုံမြို့ပေါ်ကဘဲဥဒိုင်ဆီပြန်သွင်းကြတာ ”


“ ဟ…ဖျာပုံ…ညီလေးကိုယ်တိုင်သွားဝယ်တာလား”

“ ဟာ…ဦးလေးကလည်း…ဘယ်လိုသွားဝယ်မှာလဲ..ဖုန်းနဲ့မှာလိုက်ရင်ဆိုင်လာချပေးတာ ”

“ ဟုတ်လား..တလုံးဘယ်ဈေးဆိုပြီးဝယ်ရတာလား ”


ဈေးသည်လေးကခေါင်းတဗျင်းဗျင်းကုပ်ပြီးစိတ်ညစ်တဲ့အသံနဲ့။


“ မဟုတ်ဘူးဗျ…. တဆွဲဈေးနဲ့ဝယ်ရတာ”

“ ဘာလဲတဆွဲ” 


ဈေးသည်လေးကစိတ်ညစ်ညစ်နဲ့မော့ကြည့်တယ်။ဈေးဝယ်အမျိုးသမီးတယောက်လာလို့ဘဲဥရွေးသလိုနဲ့သူ့ကိုခဏအနားပေးထားလိုက်တယ်။ဈေးဝယ်ထွက်သွားတော့မှနားလည်သလိုနဲ့။


“ ဘဲဥတွေကလတ်တယ်နော်”

“ အခုမနက်မှလာချတာ ”

“ တဆွဲဆိုတာဘာလဲညီလေး ”


သူစိတ်မပျက်အောင်ဘဲဥငါးလုံးခြင်းထဲထည့်ရင်မေးလိုက်တယ်။


“တဆွဲမှာဆယ်ကဒ် …တကဒ်ကိုအလုံးသုံးဆယ်”

“ အလုံးသုံးရာပေါ့် ”

“ ဟုတ်…ကိုယ်လိုသလောက်လေးဆွဲငါးဆွဲမှာရောင်းရကြတာ”

“ ကြက်ဥဆိုရင်ကော”


ဈေးသည်ကထုံးစံအတိုင်းခေါင်းကုပ်ပြီး “အတူတူပဲဦးလေးရေ” ပြောပြီးဘဲဥငါးလုံးကိုကြွတ်ကြွတ်အိတ်နဲ့ထည့်ပေးတယ်။


ဘဲဥကောင်းမကောင်းကိုဖုန်းဓါတ်မီးအသေးလေးနဲ့ထိုးကြည့်နေတာဘယ်လိုကောင်းမကောင်းခွဲလည်းမေးချင်ပေမယ့်မမေးဖြစ်တော့ဘူး။ဘဲဥဘိုး ၂၀၀၀/ ပေးပြီးနောက်တခုထပ်မေးလိုက်သေးတယ်။


“ညီလေးကိုပစ္စည်းလာချရင်ငွေအကျေတန်းချေရတာလား…ငွေချန်လို့ရလား”

“မရဘူး...ချက်ခြင်းတန်းချေပဲ…အကြွေးလည်းမရဘူး..ခေါက်ပြန်ပေးလည်းမရဘူး”


မြန်မာငွေ ၂၀၀၀/ဆိုတာ ၁၉၈၈ မတိုင်ခင်ဌာနဆိုင်ရာညွှန်ကြားရေးမှူးချုပ်/DG လစာထက်များတယ်။ ၁၉၈၈ ညွှန်ချုပ်လစာအများဆုံး ၁၅၀၀/ ပဲရှိမယ်။၁၉၈၈ ညွှန်ကြားရေးမှူးချုပ်တလစာထက်များတဲ့ဘဲဥငါးလုံးဝယ်ပြီးရေးစရာကုန်ကြမ်းရှာခဲ့တယ်။မြန်မာငွေတန်ဘိုးအခုလိုဇောက်ထိုးကျနေပုံနဲ့မကြာခင် "ဘဲဥဆယ်လုံးတသောင်း" မဖြစ်ဘူးမပြောနိုင်ဘူး။


လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.