သမီးမွေးနေ့

 ဒီနေ့ကျွန်တော့်သမီးမွေးနေ့ပါ။လူ့ဘဝမှာပြီးပြည့်စုံတဲ့ကလေးနှစ်ယောက်ကိုကျွန်တော့်ကိုယ်စားလူသားမျိုးဆက်အဖြစ်ချန်ထားနိုင်ခဲ့တယ်။ကလေးနှစ်ယောက်လုံးဗိုက်ခွဲမွေးခဲ့ပြီးသမီးကအငယ်ပါ။


သမီးကိုယ်ဝန်ဆောင်ထားစဉ်ကာလထူးခြားတာကကိုယ်ဝန်အရင့်အမာဖြစ်နေချိန်မှာဗိုက်ထဲမှာလှုပ်တာပါ။သားကြီးကိုယ်ဝန်တုံးကအမေ့ဗိုက်မလှုပ်ပေမယ့်သမီးကိုယ်ဝန်မှာအမေ့ဗိုက်သိသိသာသာလှုပ်ခဲ့တယ်။လှုပ်ရုံမကခြေထောက်လက်တခုခုနဲ့သူ့အမေဗိုက်ကိုအထဲတွန်းကစားသလိုဖြစ်ခဲ့တယ်။


ကိုယ်ဝန် ၆ -၇ လမှာသူ့အမေပြလို့ကြည့်လိုက်တာဗိုက်ကိုသားအိမ်ထဲကလက်ဒါမှမဟုတ်ခြေထောက်သေးသေးလေးနဲ့တွန်းကစားနေလားမသိဘူး။ဗိုက်ဟိုကဖောင်းလာလိုက်ဒီကဖောင်းလာလိုက်။


ဗဟိုအမျိုးသမီးဆေးရုံမှာ PR (Private Room) တန်းရတယ်။ကပ်ရပ် PR အခန်းကမိုးဇလလူကြီးရဲ့သမီးတယောက်။ဗဟိုအမျိုးသမီးဆေးရုံးကြီးကိုပထမသားမွေးထဲကကျွမ်းနေပြီဆိုတော့‌ ဆေးရုံဘယ်ကဝင်ရင်ဘယ်ကိုရောက်မယ်။ဘယ်လုံခြုံရေးရှိရင်ဘယ်လိုဖြတ်သွားရမယ်ဆိုတာသိနေပြီ။ 


"သား" တုံးကအမျိုးသမီးဆေးရုံပထမဆုံအတွေ့အကြုံဆိုတော့အတော်ဗျာများသွားခဲ့တယ်။သမီးမွေးတဲ့နှစ်မှာသူတို့ကြီးတော် (ကျွန်တော့်မရီး OG ဆရာဝန်မကြီး)ကနယ်မှာတာဝန်ကျနေတယ်။သားမွေးတုံးကကြီးတော်က ဗဟိုအမျိုးသမီးဆေးရုံ (Dufferin) မှာတာဝန်ကျနေလို့အတော်အဆင်ပြေခဲ့တယ်။


သမီးကိုဩဂတ်စ်လ (၆) ရက်မနက် ၆ နာရီ ၄၇ မိနစ်မှာဗိုက်ခွဲမွေးခဲ့တယ်။ဗိုက်အပ်ထားတဲ့ OG ဆရာမကြီးကိုယ်တိုင်ဆေးရုံးသားဖွားခန်းမှာခွဲမွေးပေးခဲ့တယ်။မိန်းမတွန်းလှည်းနဲ့ခွဲခန်းဝင်သွားတော့ကျွန်တော်ကအပြင်မှာအင်္ဂ္ဂိုလိမာလသုတ်ရွတ်ပြီးကျန်ခဲ့တယ်။


သမီးခွဲမွေးတဲ့နေ့ကခွဲခန်းအပြင်မှာသမီးအချစ်တော်ကြီးတော်အပျိုကြီး (မရီး) လည်းသူ့ညီမ (ကျွန်တော့်မိန်းမ)အတွက်မျက်နာငယ်နဲ့ခွဲခန်းအပြင်မှာမနက်အစောကြီးလာပြီးစောင့်နေခဲ့တယ်။


နာရီဝက်လေးဆယ်ငါးမိနစ်အကြာမှာခွဲခန်းတံခါးပွင့်လာပြီးနပ်စ်မတယောက်ကကျွန်တော့်ကိုလက်ယပ်လှမ်းခေါ်တယ်။အနားရောက်တော့ကြွတ်ကြွတ်အသေးနဲ့ထည့်ထားတဲ့သွေးသံရဲရဲအသားတုံးတခုပေးပြီး “ ဖြတ်လိုက်ပြီ” ပြောတယ်။


ကျွန်တော့်အမျိုးသမီးကဒုတိယကလေး (သမီး)မွေးပြီးသားကြောဖြတ် (Sterilisation) လုပ်လိုက်တာပါ။ဒါကြောင့်ခွဲခန်းတာဝန်ကျနပ်စ်မကကျွန်တော့်ကိုသားကြောဖြတ်ပြီးကြောင်းသက်သေအထောက်အထားအဖြစ်ကြွတ်ကြွတ်အိပ်ထဲကအသားစပြတာပါ။


“သမီးလေး” နပ်စ်မကပြောသေးတယ်။ “ သမီး” ဖြစ်တာ Ultra Sound ရိုက်ကထဲကသိပြီးသားအမေ့ကုတင်ဘေးတွန်းလှည်းပေါ်မှာအိပ်ပျော်နေတဲ့ “သမီး” ကိုပထမဆုံးမြင်တာခုထိမျက်စိထဲကမထွက်ဘူး။သမီးမိန်းကလေးရရင်ဖခင်အများစုစိတ်လှုပ်ရှားတတ်ကြတယ်။


အမေ့ဗိုက်ထဲကထွက်လာတာနာရီပိုင်းပဲရှိသေးလို့သမီးနဖူးနဲ့ပါးနှစ်ဘက်မှာအဖြူကွက်လေးရှိတယ် (၁ လသားလောက်မှမျက်နာပေါ်ကအဖြူကွက်မှိန်ပြီးပျောက်သွားတယ်)။သမီးမျက်နာကျကသူ့အဖွား(ယောက္ခမ)နဲ့တပုံထဲ။ Mold နဲ့ပုံစံထုတ်ထားသလိုကွက်တိ။သမီးစိတ်ပိုင်းဆိုင်ရာကကျွန်တော်နဲ့အများကြီးပိုနီးစပ်တယ်။


ကျွန်တော်တို့ကပ်ရပ်အခန်းကမိုးဇလလူကြီးသမီးလည်းရှေ့ဆင့်နောက်ဆင့်ခွဲမွေးတယ်။ဒါပေမယ့်ကလေးကဗိုက်ထဲကထွက်ထွက်ခြင်းအသားဝါနေလို့မွေးကင်းစကလေးစောင့်ရှောက်ရေးဌာနကိုအမြန်ပို့လိုက်ရတယ်။


ဖြတ်သွားဖြတ်လာသူတို့အခန်းကိုလိုက်ကာကြားကကြည့်ရင်ကလေးကိုယ့်ဘေးနားမရှိတဲ့မွေးဖွားပြီးကာစမိခင်တယောက်ရဲ့ပူပင်သောကကိုမြင်ရတယ်။ကုတင်ပေါ်တစောင်းလှဲနေရင်ဗိုက်ထဲအခုတင်ထုတ်ထားတဲ့ကျမ်းမာရေးမကောင်းရှာတဲ့သူတို့ကလေးပိစိကိုသတိရနေမှာအသေအချာပါ။


ကိုယ်တွေကမိခင်ကုတင်ဘေးကလေးကိုတွန်းလှည်းနဲ့ထည့်ထားပြီးကြည်နူးနေကြချိန်မှာကလေးအနားမရှိတဲ့မိခင်သောကကိုစာနာမိတယ်။ဒါတွေကရွေးချယ်လို့မရတဲ့ကံကြမ္မာအလှည့်ကျမှုပါ။


မီဖွားပြီးကာစအမျိုးသမီးအတွက်ဂြိုလ်တု (စအိုထဲထည့်အကိုက်အခဲပျောက်ဆေးတောင့်)ဆေးရုံရှေ့အပြင်ဆေးခန်းကဝယ်ပြီးအပြန်ဆေးရုံဓါတ်လှေကားထဲမိုးဇလမိသားစုနဲ့ဆုံတယ်။သူတို့အားလုံးမျက်နာမကောင်းကြဘူး။ကျွန်တော်တို့ကညနေဆိုကလေးပိုက်ပြီးဆေးရုံကဆင်းပြီ။ဒါပေမယ့်သူတို့ကဆေးရုံမှာနေကြရအုံးမယ်။ဓါတ်လှေကားထဲကျနော်ပြုံးပြတော့သူတို့အပြုံးယဲ့ယဲ့နဲ့ပဲတုန့်ပြန်နိုင်ရှာတယ်။


သမီးမွေးပြီးနောက်ရက်မှာ “သား” ဆေးရုံလိုက်လာတယ်။မောင်နှစ်မနှစ်ယောက်သုံးနှစ်ကွာတယ်။သမီးမမွေးခင်သားကအိမ်မှာအငယ်ဆုံးခန္ဓာကိုယ်အသေးဆုံး။သူ့အမေဆေးရုံတက်ပြီး “သား” ကိုမတွေ့တာတပတ်လောက်ရှိပြီ။ 


ဆေးရုံလှေကားအတိုင်းသူ့ကြီးတော်နဲ့အပေါ်တက်လာတဲ့ "သား" ကိုတပတ်အတွင်းပထမဆုံးမြင်ရတာသားလူကောင်တော်တော်ထွားလာတယ်။ရက်သား သမီးပိစိလေးကိုမြင်နေတာကနေသုံးနှစ်သား “သား” ကိုရုတ်တရက် မြင်လိုက်တော့ “ ဟ…ငါ့သားအတော်ကြီးလာပါလား” စိတ်ထဲထင်မိတယ်။


ဆေးရုံဆင်းပြီးအိမ်ရောက်ရောက်ခြင်းမိန်းမကအထုတ်တထုတ်လှမ်းပစ်ပေးပြီး “ ဒါတွေလျှော်လိုက်အုံး” တဲ့။အဲဒီတုန်းကအဝတ်လျော်စက်မရှိသေးလို့ကလေးအနှီးထုတ်ကိုင်ပြီးရေချိုးခန်းထဲဝင်ခဲ့တယ်။


အနှီးထုတ်ထဲကစိမ်းရွှေရွှေအနံ့တခုရတယ်။အနှီးထုတ်ကလေးအိပြီးပျော့နေတယ်။အထုတ်ဖြေကြည့်လိုက်တော့အစိမ်းရင်ရောင်မစင်ပျော့ချွဲချွဲတွေ့တယ်။ကော်လိုစေးကပ်ကပ်နဲ့။နံလို့နှာခေါင်းတဖက်လှည့်ထားရတယ်။အနှီးမှာကပ်နေတဲ့မစင်စိမ်းပျစ်ပျစ်ကိုရေများများနဲ့လောင်းချပြီးလက်နဲ့ခြစ်ယူရတယ်။


နောက်မှသိရတာ “မစင်” စိမ်းချွဲချွဲကကလေးမိခင်ဗိုက်ထဲမှာရှိစဉ်ထဲက “မစင်” တဲ့။ ဗိုက်ထဲကကလေးအပြင်ရောက်မိခင်နို့စို့ပြီးနောက်ပိုင်းပထမဆုံးဖြစ်တဲ့ “မစင်” တဲ့။ ဘာပဲဖြစ်ဖြစ်သမီးမစင်ကိုပျော်ပျော်ရွှင်ရွှင်ဆေးကြောကိုင်တွယ်ပေးတဲ့ကမ္ဘာပေါ်ကရှိရှိသမျှဖခင်ထဲကိုယ်လည်းစာရင်းဝင်သွားပြီ။


ဒီနေ့ကျရောက်တဲ့ “သမီး” မွေးနေ့မှသည်လိုအင်ဆန္ဒများအားလုံးပြီးပြည့်စုံပါစေ။မိဘနှစ်ပါးကိုစောင့်ရှောက်နိုင်တဲ့သမီးကောင်းသမီးမြတ်ဖြစ်နိုင်ပါစေဖေကြီးဆုတောင်းပေးတယ်။


လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

Killing me softly with this song.