ရှစ်လေးလုံး

 ၁၉၈၈ ရှစ်လေးလုံးမဖြစ်ခင်နှစ်ရက်ကသွေးစိမ်းရှင်ရှင်အလောင်းခေါင်းမိုးပေါ်တင်ထားတဲ့ဒိုင်နာတစီးလမ်းနီ(စက်မှု ၁ လမ်း)မှာတွေ့ခဲ့တယ်။လူတွေရပ်ကြည့်နေတဲ့ဘက်ကိုအလောင်းဆံပင်ကိုဆွဲပြီးအလောင်းမျက်နာလှန်ပြတယ်။


ဒိုင်နာကားပေါ်ကဆန္ဒပြသူတွေကစက်မှု (၁) Canteen နဲ့ ကပ်ရက်လမ်းနီလေးမှာအော်ဟစ်သွားလို့ Canteen မှာရှိတဲ့စက်မှု(၁) ဝန်ထမ်းတွေက “ တို့အရေး…တို့အရေး ” ဝိုင်းပြီးသံပြိုင်ဟစ်ကြွေးခဲ့ကြတယ်။


၈ လေးလုံးမှာဘာတခုမှစွမ်းစွမ်းတမံဆောင်ရွက်ခဲ့တာမရှိဘူး။အဲ့ဒီတုံးကစက်မှု(၁)ဝန်ထမ်းဖြစ်လို့စက်မှု(၁)ဝန်ထမ်းပေါင်းစုံဆန္ဒပြပွဲမှာအများနည်းတူပါဝင်ခဲ့တယ်။


လမ်းနီလေးစက်မှု(၁)ကနေအောင်ဆန်းကွင်းအရှေ့ဘက်တန်းအထိ စက်မှု(၁)ဆန္ဒပြအဖွဲ့တွေနဲ့အတူလမ်းလျှောက်ချီတက်ခဲ့တယ်။ယောင်္ကျားမိန်းမအကုန်စက်မှု(၁)ယူနီဖောင်းအပြည့်အစုံဝတ်ထားရတယ်။


ကမ္ဘာအေးဘုရားလမ်းလမ်းအတိုင်းရွှေတိဂုံအရှေ့မုဒ်ရေခဲဆိုင်မှတ်တိုင်အထိစက်မှု(၁) ဆန္ဒပြလူတန်းကြီးချီတက်ခဲ့ကြတယ်။ကန်တော်ကြီးနေအထက်ပန်းဆိုးတန်းလမ်းအထိဆက်ချီတက်ခဲ့ကြတယ်။


လမ်းမှာစက်မှု(၂) ဆန္ဒပြအဖွဲ့၊အခြားဋ္ဌာနဆိုင်ရာဆန္ဒပြအဖွဲ့တွေအများကြီးတွေ့တယ်။အသင့်ရေးထားပြီးစာကူးစက်လှည့်ထားတဲ့ကြွေးကျော်သံစာရွက်လေးတွေကိုင်ပြီးတယောက်တိုင်လိုက်ရင် ကျန်သူတွေက “ တို့အရေး….တို့အရေး ” ဝိုင်းအော်ကြတယ်။ ၈ လေးလုံးနေ့ကမိုးဖွဲဖွဲလေးကျနေတယ်။


စက်မှု(၁)ကလူကြီးအချို့ဆိုင်ကယ် ၂ - ၃ စီးနဲ့ဘေးကနေရံလိုက်ပေးလာကြတယ်။လမ်းတလျှောက်မှာလုံခြုံရေးယူနေကြတဲ့ ရဲဘော်တွေကိုမျက်နာသေနဲ့တွေ့ရတယ်။အသင့်အနေအထားနဲ့ဆန္ဒပြချီတက်တာကိုကြည့်နေကြတယ်။ဘာတခုမှဟန့်တားနှောင့်ယှက်တာမရှိဘူး။


လမ်းတလျှောက်ရပ်ကွက်ထဲကလူတွေထွက်ကြည့်နေကြပြီးဆန္ဒပြချီတက်တာကိုလက်ခုပ်တီးအားပေးကြတယ်။ကလေးတွေဟိုပြေးဒီပြေးပျော်နေကြတယ်။


အောင်ဆန်းကွင်းအရှေ့ကူးစက်ဆေးရုံကနေကမ္ဘာအေးလမ်းနီရုံးကိုအပြန် TE-11 ကားတွေနဲ့လမ်းနီလေးစက်မှု(၁)ဝင်းထဲပြန်ပို့ပေးတယ်။


လမ်းနီလေးစက်မှု(၁)ဂိတ်ပေါက်ထိပ်မှာအစာငတ်ခံဆန္ဒပြနေကြတဲ့အဖွဲ့တွေရှိတယ်။သပိတ်တလုံးခြံတံခါးပေါ်မှောက်ထားတယ်။နိုင်ငံတော်အလံ ၄-၅ ခုဝါးလုံးနဲ့လွှင့်ထူထားတယ်။


အစာငတ်ခံဆန္ဒပြအဖွဲ့ရုံးတံခါးမကိုကျောပေးပြီးလမ်းမကိုမျက်နာမှုပြီးစုထိုင်နေကြတာ။ဆန္ဒပြအဖွဲ့ထဲမှာရင်းနှီးတဲ့သူ ၂-၃ ယောက်ပါလို့ဘေးကသွားအားပေးတယ်။ဆေးလိပ်သောက်တတ်သူဆေးလိပ်လှမ်းပစ်ပေးခဲ့တယ်။

 

နောက်တရက်ဆူးလေဘုရားဆိုင်ခန်းမှာဖွင့်ထားတဲ့ “ရာဇာဥပဒေသင်တန်းကျောင်း” ရန်ကုန်တက္ကသိုလ်ဥပဒေကျောင်းသား

များသမဂ္ဂ (စာပေးစာယူ)ကို ရန်ကင်းကသူငယ်ချင်းမြင့်စိန်နဲ့သွားခဲ့တယ်။


ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အဖြစ်အဆိုပြုလွှာပေးတယ်။ကျောင်းသားကြီးတွေဟောပြောတာနားထောင်တယ်။ဆူးလေဘုရားပတ်ဝန်းကျင်မှာဒို့အရေး……ဒို့အရေး…အသံမိုးညံနေပြီ။


တောင်ဥက္ကလာ-ရန်ကင်း-ဆူးလေ ဘတ်စ်ကားဆွဲနေသေးတယ်။ကားတိုင်းနိုင်ငံတော်အလံထူထားကြတယ်။ ၁၉၈၈ ဩဂတ်စ် (၈) ရက်ကနေအာဏာသိမ်းတဲ့စက်တင်ဘာ (၁၈)ရက်အတွင်းကြားရက်အိမ်မှာအာလူး၊ပဲ၊ကြာဇံပုံမှန်ချက်တာမှတ်မိတယ်။လဖက်ရည်ဆိုင်အချို့ဖွင့်သေးတော့သောက်လို့ရနေသေးတယ်။


ရန်ကင်းရဲစခန်းကိုကြည့်လိုက်ရင် အလံတိုင်မှာနိုင်ငံတော်အလံကိုဖြုတ်ချပြီးသာသနာအလံတော်နဲ့ပြောင်းထားတယ်။ရဲစခန်းဝင်းထဲမှာသာသနာ့အလံထူထားတဲ့ဒိုင်နာကားအချို့ရှိတယ်။ 


ရဲစခန်းအဝင်ကင်းတဲမှာရဲသားအချို့နဲ့ဘုန်းကြီးကိုတွေ့ရတယ်။ရဲစခန်းဝင်းထဲမှာဘုန်းကြီးအချို့သွားလာနေတယ်။ရဲစခန်းတာဝန်မှူးရုံးခန်းမှာရဲနဲ့အတူဘုန်းကြီးတပါးရုံးထိုင်တယ်။ရဲစခန်းဆီလာသမျှဖုန်းကိုဒီဘုန်းကြီးပဲဒိုင်ခံဖြေရှင်းပေးနေရတယ်ကြားတယ်။


" ဟုတ်ကဲ့...ရန်ကင်းရဲစခန်းကပါလားရှင့် "

" အေး..ငါအရှင်သုမန ပဲ...ဘာကိစ္စလဲဒကာမ"


၈၈၈၈ အရေးတော်ပုံကာလမှာ ရဲစခန်းအချို့ဖျက်ဆီးခံရပေမယ့်အမှတ် (၂၁) ရဲစခန်း၊ဒု-တိုင်းခေါ်တဲ့ရန်ကင်းရဲစခန်းဘာအထိအခိုက်မှမရှိခဲ့ဘူး။ရန်ကင်းမြို့နယ်သံဃာတော်နဲ့ရဲတွေပူးပေါင်းစောင့်ရှောက်ခဲ့ကြတယ်။


အခုခေတ်ရပ်ကွက်အုပ်ချုပ်ရေးမှူးခေါ်တဲ့ရန်ကင်း(၄)ရပ်ကွက်ကောင်စီဥက္ကဋ္ဌကအရေးတော်ပုံကာလမှာသံလျှင်ဘက်ကိုခဏတိမ်းရှောင်သွားတာအရေးတော်ပုံအပြီးပြန်တွေ့တော့သူပြောပြတယ်။


ရပ်ကွက်ထဲမှလူငယ်တွေကိုယ့်နေရာနဲ့ကိုယ်အလှည့်ကျကင်းစောင့်ကြတယ်။ယောက်ျားလေးမရှိပဲမိန်းကလေးချည်းပဲနေတဲ့အိမ်က ညပိုင်းကင်းစောင့်လူငယ်တွေကိုကောက်ညှင်းပေါင်းလာကျွေးတယ်။


ပါတီလားကောင်စီလားရန်ကင်းကလူကြီးတယောက်ခြောက်လုံးပြူးသေနတ်ခါးကြားထိုးပြီးလေးဘီးကားအသစ်နဲ့လဖက်ရည်ဆိုင်လာထိုင်တတ်တယ်။ဓါးရှည်စလွယ်သိုင်းလမ်းသလားနေတဲ့ရန်ကင်းကပုဂ္ဂိုလ်အချို့ကိုအရေးတော်ပုံကာလမှာပုံမှန်တွေ့ရတယ်။ရှစ်လေးလုံးနှစ်ပတ်လည်ခဲ့ပြီ။


လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

သမီးမွေးနေ့

Killing me softly with this song.