ရန်ကုန်

 ကုန်လွန်ခဲ့တဲ့နှစ်တွေကိုပြန်စဉ်းစားရင်အဖြူအမဲရုပ်ရှင်ကားတစ်ကားကြည့်နေရသလိုပဲ။တရွေ့ရွေ့နဲ့ကုန်ဆုံးသွားတယ်။ဟိုတကွက်ဒီတကွက်ဆောင်းတွင်းအိမ်မက်လိုလို၊နွေလယ်ခေါင်အိမ်မက်

လိုလို၊မိုးတွင်းနေ့ခင်းအိမ်မက်လိုလို။


အင်တာနက်မှာဟိုခေါက်ဒီခေါက်လုပ်ရင်းဒီဓါတ်ပုံတွေ့လို့ခဏငေးမိတယ်။အရင်ခေတ်ဆူးလေပန်းခြံပါ။ကြော်ငြာဆိုင်းဘုတ်ရှိပြီးအထူးသဖြင့်အခပေးရှုးရှုးပေါက်လို့ရတဲ့ရန်ကုန်မြို့လယ်ခေါင်ပန်းခြံကြောင့်ထင်ရှားတယ်။ပန်းခြံမဖြစ်ခင်ကအာမေးနီးယမ်းသင်းချိုင်းဟောင်း။


မိုးတွင်းဆိုတောင်ဥက္ကလာရန်ကင်းကလာတဲ့ ၇ (အနီ)ဘတ်စ်ကားဆူးလေဂိတ်ရောက်ပြီဆိုတာနဲ့လူကြီးအများစုပန်းခြံအိမ်သာကိုပြေးကြရတယ်။ပြီးမှလိုရာခရီးဆက်သွားကြ။


တကယ်ဆိုပန်းခြံဆိုတာနာမည်ပဲ။လမ်းဘေးဈေးသည်နဲ့အခြေအနေမဲ့ထိုင်နေကြတာများတယ်။လမ်းဘေးဈေးသည်ဖမ်းဖို့ချောင်းနေတဲ့ ဇင်ပြာဝတ်စည်ပင်ဂဋ္ဌုန်အဖွဲ့ပန်းခြံထဲမကြာခဏတွေ့ရတတ်တယ်။


ပုံထဲမြင်နေရတဲ့လူပျံတော်ပတ္တမြားသွေးဆေး၊ကမ္ဘောဇလွယ်အိပ်ကြော်ငြာဆိုင်းဘုတ်အနောက်မှာအခပေးအိမ်သာ ရှိတယ်။ညစ်ပတ်တာပြောမနေနဲ့။အိမ်သာရှေ့မှာအသက် ၄၀ လောက်ရှိတဲ့ပိုက်ဆံကောက်တဲ့ဦးလေးဦးထုတ်အစုတ်အမြဲဆောင်းထားပြီးသူ့ပါးစပ်မှာဆေးပေါ့်လိပ် မီးရှိရှိမရှိရှိအမြဲခဲထားတတ်တယ်။အညာသားထင်တယ်။အသားမဲမှောင်နေတာ။


ရန်ကင်းကလာတဲ့ဆူးလေး ကားဂိတ်အရှေ့နည်းနည်းလျှောက်လိုက်ရင်ညာဘက်မှာဒီပန်းခြံကိုရောက်ပြီ။ပန်းခြံနဲ့ကပ်ရက်လမ်းက ၃၂ လမ်း(အထက်ဘလောက်)၊အခုဆူးလေစကွဲယားနဲ့ကုန်သည်ကြီးများဟိုတယ်အနောက်ဘက်လမ်း။


ပုံထဲကအခင်းအကျင်းကြည့်ပြီး ၁၉၇၅-၈၀ ခုနှစ်တဝိုက်ပထမထင်မိတယ်။နောက်သေချာကြည့်မှ Charles နဲ့ Diana မင်းသမီး ပုံတွေ့တော့ ၁၉၈၁-၈၂ ထင်တယ်။Charls နဲ့ Diana က ၁၉၈၁ မင်္ဂလာဆောင်တာ။


အဲ့ခေတ်ကြော်ငြာဆိုင်းဘုတ်တွေကပတ္တူစမှာ ပန်းချီဆွဲကြတာများတယ်။ပန်းချီမောင်ကျော်ညွှန့်၊ပန်းချီမောင်မောင်သိုက်စတဲ့နာမည်ကြီးများဆွဲလေ့ရှိကြတယ်။အခုခေတ်စားတဲ့ဗီနိုင်းကြားတောင်မကြားဖူးဘူး။


တလောကဆုံးသွားတဲ့ဦးချိန်တီကသူ့ဆေးကို “လျှာပွတ်ဆေး” သုံးတယ်။ “လျှက်ဆား”မသုံးဘူး။မင်းသား "က" နေတဲ့ကြော်ငြာကအဲ့ခေတ်နာမည်ကြီးရွှေမင်းသား ငံပြာရည်၊ရွှေဘဲဆေးပေါ့လိပ်လည်းပါတယ်။


ဒီနေ့ခေတ်လမ်းမပေါ်မှာမတွေ့နိုင်တော့တဲ့ Fiat ကားဓါတ်ပုံထဲမှာတွေ့တယ်။အနောက်မှာရန်ကုန်နာမည်ကျော် "သုံးဘီးကား" တွေ့တယ်။ကားတွေလက်ယာကပ်မောင်းနေကြပြီ။ ၁၉၇၃ ရှေ့ပိုင်းဆိုလက်ဝဲကပ်မောင်း။


အရင်ခေတ်လူတွေရေးခဲ့တဲ့စာ၊မှတ်တမ်းတင်ခဲ့တဲ့ဓါတ်ပုံတွေကြောင့်ဒီနေ့ခေတ်လူတွေသမိုင်းကိုပီပီပြင်ပြင်အနီးကပ်ထိတွေ့နေရတာ။ဒီနေ့ခေတ်လူတွေရေးနေတဲ့စာမှတ်တမ်းဓါတ်ပုံလည်းနောင်းလူအတွက်သမိုင်းကိုမျက်ဝါးထင်ထင်မြည်းစမ်းဖို့အထောက်အကူပြုနေမှာပါ။


လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.