မဲစာရင်း

 မဲစာရင်းသွားကြည့်တာလူလေးယောက်ရှိတာတအိမ်လုံးမပါဘူး။ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းကပုံစံစာရွက်လေးရွက်ပေးလိုက်ပြီးသန်းခေါင်စာရင်းမိတ္တူနဲ့ပြန်တင်ပေးဆိုလို့ပုံစံ(၃) စာရွက်ယူခဲ့တယ်။နောက်တနေ့စာရွက်သွားပေးပြီးမေးကြည့်တယ်။


“ ကျွန်တော်တို့ကဘာလို့မဲစာရင်းထဲမပါတာလဲဗျ ”


ပုံစံ(၃) တထပ်ကြီးနဲ့အလုပ်ရှုပ်နေတဲ့ရပ်ကွက်ကော်မရှင်ဝန်ထမ်းက။


“ သန်းခေါင်စာရင်းနဲ့နေတာလား”

“ ဟုတ်တယ်သန်းခေါင်စာရင်းနဲ့ပေါ့”

“ ဒါဆိုဥက္ကဌကိုမေးကြည့် ”


အနောက်မှာထိုင်နေတဲ့ပုဂ္ဂိုလ်တယောက်ကိုပြတယ်။ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌကကျွန်တော်မေးထဲကကြားပြီးလှမ်းကြည့်နေတယ်။ကျွန်တော်က။


“ ဘယ်လိုဖြစ်လဲအကိုကြီး ”

“ အခုကရှိကောက် ကောက်တာ ”

“ ဗျာ ”

“ ရှိကောက် ကောက်တာ…လာကောက်တဲ့အချိန်အရှိကိုပဲကောက်တာ”


ဘယ်တုံးက “ ရှိကောက် ” ကောက်တာလဲအိမ်မှာလူအမြဲရှိတယ်ဥက္ကဌကိုပြန်မပြောတော့ဘူး။တခါမှမကြားဖူးဘူး။ “ ရှိကောက် ” တဲ့။ အိမ်မှာလူအတိုးအလျှော့လည်းမရှိပါဘူး။အကုန် ၁၈ နှစ်ပြည့်ပြီးသူတွေချည်းပဲ။အိမ်မှာလူတယောက်မဟုတ်တယောက်ရှိတတ်ပါတယ်။လာကောက်တာ တခါမှမတွေ့မိဘူး။လူမရှိပြန်ကောက်ပေါ့။


“ ကျန်ခဲ့တဲ့ရွေးကောက်ပွဲတိုင်းမှာ 

ကျွန်တော်တို့တအိမ်လုံးအကုန်ပါတယ်…အဲ့ဒီတုံးကမဲစာရင်းကို Update လုပ်လို့မရဘူးလား ”


“ အား…အဲ့ဒီစာရင်းအဟောင်းကိုမကြည့်တော့ဘူး….ရှိကောက်အသစ်ပြန်ကောက်တာ ”


ကျွန်တော်နားမလည်နိုင်ဘူး။ iT ခေတ်ကြီးမှာရွေးကောက်ပွဲကော်မရှင်ကကွန်ပြူတာကိုစာစီစာရိုက်အဆင့်ပဲသုံးနေတာလား။

Data Base ထဲမှာရှိထားပြီးသားအချက်အလက်ကို Revise / Update လုပ်အသုံးမပြုပဲစာရင်းအသစ်ထပ်ကောက်တယ်ဆိုတော့။


“ အခုအောက်တိုဘာဆန္ဒမဲဲပေးခွင့်ရှိသူစာရင်းပြန်ကျေညာလို့ကျွန်တော်တို့နာမည်မပါရင်ဘယ်လိုလုပ်ကြမလဲ ”


“ မပူပါနဲ့...ကျွန်တော်တို့ရှိနေမှာပါ ”


ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်

ထုတ်ပေးတဲ့ပုံစံ(၃) မှာအသက် (၁၈) နှစ်ပြည့်သည့်(နေ့)ဖြည့်ခိုင်းထားလို့လူအူကြောင်ကြောင်ဖြစ်သွားတယ်။အသက် ၆၀ နီးကို အသက် ၁၈ နှစ်ပြည့်သည့်နေ့ဖြည့်ခိုင်းစရာလား။ခုနှစ်ဖြည့်ပေးလိုက်တယ်။


၂၀၁၀ ၊၂၀၁၅ ရွေးကောက်ပွဲကိုယ့်နာမည်ပါပြီးသားဆိုပြီးသွားမကြည့်ပဲမနေနဲ့။ မဲစာရင်းကို “ ရှိကောက်” အသစ်ပြန်ကောက်ထားတာပါ။မဲစာရင်းအဟောင်းကိုကိုးကား Update လုပ်ထားတာမဟုတ်ဘူး။


လွင်ဦး(ရန်ကင်း)

Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.