အောင်ကိုလတ်

 Myanmar Idol သီချင်းဆိုပြိုင်ပွဲကျင်းပတုံးကမြန်မာ့စတီရီယိုတေးဂီကလောက Legend ဖြစ်ကြတဲ့ (ဦး)သိန်းတန်(မြန်မာပြည်) နဲ့(ဦး)အောင်ကိုလတ်လိုအထင်ကရပုဂ္ဂိုလ်များပါဝင်အကဲဖြတ်ပေးခဲ့တာအရမ်းသဘောကျမိတယ်။


ဒီအနုပညာရှင်ကြီးတွေဟာတကယ်တော့မည်ကာမတ္တအဆိုတော်အိုကြီးများမဟုတ်ကြပါဘူး။ကြီးကျယ်တဲ့သမိုင်းနောက်ခံရှိနေကြတဲ့အနုပညာရှင်ကြီးများပါ။


မှတ်မှတ်ရရဘဝမှာပထမဆုံးကြည့်ဖူးတဲ့စတိတ်ရှိုးကရန်ကင်း ၁၂ လုံးတန်းမှာပါ။၁၉၇၄ - ၇၅ တဝိုက်က The Brothers နဲ့ The King နာမည်ကြီးတီးဝိုင်းနှစ်ခုရန်ကင်း ၁၂ လုံးတန်းတိုက် ၂၁၇ ရှေ့မှာတီးခပ်ခဲ့ကြတယ်။


တရန်ကင်းလုံးကလူကြီးလူငယ်အကုန်နီးပါး ၁၂ လုံးတန်းစတိတ်ရှိုးကိုအတင်းတိုးဝှေ့ကြည့်ခဲ့တဲ့အထဲမှာကျွန်တော်လည်းပါတယ်။အဲ့ဒီခေတ် ၁၂ လုံးတန်းနာမည်ကြီးဂစ်တာသမားကို Dickey တို့အကိုကြီးအုပ်စုစတိတ်စင်တဝိုက်မှာအင်နဲ့အားနဲ့ဝန်းရံနေတာမှတ်မိတယ်။၁၂ လုံးတန်းမှာတီးခဲ့တဲ့ The Brothers တီးဝိုင်းခေါင်းဆောင်ကအောင်ကိုလတ်ပါ။ The King ကမင်းမင်းလတ်ဦးဆောင်ပါတယ်။

 

မဆလစစ်အစိုးရတပါတီခြေဥလူထုဆန္ဒခံယူပွဲကို ၁၉၇၄ ခုနှစ်ကမြန်မာပြည်မှာလုပ်ခဲ့တယ်။မြန်မာ့အသံကမဲပေးဖို့လှုံဆော်တဲ့ဝါဒဖြန့်သီချင်းတပုဒ်နေ့တိုင်းထုတ်လွှင့်ခဲ့ပါတယ်။


သီချင်းကအောင်ကိုလတ်သီဆိုထားတဲ့ “  မဲရုံသို့သွားကြမယ် ”။ အဲ့ဒီသီချင်းနဲ့အဆိုတော်အောင်ကိုလတ်ပိုနာမည်ကြီးခဲ့တယ်။အဲ့ခေတ်ကနာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ “ ပေါင်မုန့် ” ကအောင်ကိုလတ်သီဆိုထားတာပါ။


အဆိုတော်သာမကတေးရေးဆရာတဦးဖြစ်တဲ့အောင်ကိုလတ်ရေးသားခဲ့တဲ့နာမည်ကြီးတေးသီချင်းများစွာရှိတယ်။ထူးအိမ်သင်သီဆိုထားတဲ့တေးရေးလူမုန်းသီချင်း “ ခေါင်းလောင်းလေးတွေမြည်နေပြီ ” မူရင်းသီဆိုသူကအောင်ကိုလတ်ဖြစ်ပါတယ်။


စွယ်စုံရအနုပညာရှင် (ဦး)အောင်ကိုလတ်ဟာ "အောင်ကိုလတ်ရုပ်ရှင်ထုတ်လုပ်ရေး"အမှုဆောင်အရာရှိချုပ်ဖြစ်တယ်။အောင်ကိုလတ်ဟာဂျပန်နိုင်ငံမှာဆယ်နှစ်ကျော်နေထိုင်ခဲ့ပြီးတီဗွီစီးရီးစ်များဖန်တီးဖို့ ၁၉၉၀ နောက်ပိုင်းမြန်မာပြည်ပြန်လာခဲ့တယ်။


အောင်ကိုလတ်ဟာမြန်မာ့သမရိုးကျမြန်မာဒါရိုက်တာပုံစံကခွဲထွက်ပြီးသီးခြားတီထွင်ဖန်တီးရိုက်ကူးတဲ့ဒါရိုက်တာအဖြစ်လူသိများတယ်။


ဒါရိုက်တာအောင်ကိုလတ်ရိုက်ကူးခဲ့ပြီး ၂၀၁၂ ကထွက်ရှိခဲ့တဲ့  “ ကယန်းအလှ ” မှတ်တမ်းတိုရုပ်ရှင်အရမ်းအောင်မြင်ခဲ့တယ်။ကယန်းအလှရုပ်ရှင်ဟာမြန်မာ့ရုပ်ရှင်သမိုင်းမှာပထမဆုံး HD (High Definition) နည်းပညာနဲ့ရိုက်ကူးထားပြီးအသံပိုင်းဆိုင်ရာမှာခေတ်အမှီဆုံး Dolby Digital Surround စံနစ်အသုံးပြုထားတယ်။မြန်မာ့ရုပ်ရှင်လောကမှာပထမဦးဆုံးပါ။


ဒါကြောင့် "ကယန်းအလှ" ရုပ်ရှင်ဟာ ၂၀၁၃ မလေးရှားမှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်မှာ ASEAN Jury ဆုချီးမြှင့်ခြင်းခံရပြီးအကောင်းဆုံးဒါရိုက်တာဆုကိုအောင်ကိုလတ်နဲ့အကောင်းဆုံးဇတ်ပို့ဆုကို "ကယန်းအလှ" ဇတ်ဆောင် "ရို့စ်မေရီ" ရရှိခဲ့ကြတယ်။


တနှစ်ထဲကျင်းပတဲ့မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုပေးပွဲမှာအကောင်းဆုံးရုပ်ရှင်ဆုနဲ့အကောင်းဆုံးအသံဆုကိုအောင်ကိုလတ်ရဲ့"ကယန်းအလှ" ရုပ်ရှင်ကားဆွတ်ခူးနိုင်ခဲ့တယ်။၂၀၁၃ ဟာ အောင်ကိုလတ်ရဲ့အောင်မြင်တဲ့နှစ်တနှစ်ဖြစ်ပါတယ်။


၂၀၁၅ မှာအောင်ကိုလတ်ဟာအခန်းရှစ်ခန်းပါတဲ့  “ နေရယ်လရယ်အမှန်တရားရယ် ”အမည်ပေးထားတဲ့တီဗွီစီရီစ်တခုအောင်မြင်စွာရိုက်ကူး ထုတ်လုပ်နိုင်ခဲ့သေးတယ်။


စွယ်စုံရအနုပညာရှင်အောင်ကိုလတ်ဟာမြန်မာ့အသံအင်္ဂလိပ်ပိုင်းအစီအစဉ် အသံလွှင့်ကျေညာသူ Marie Conway (အဆိုတော်တင်မိုးခိုင်) နဲ့အိမ်ထောင်ပြုခဲ့တယ်။နာမည်ကြီး Rap အဆိုတော် J-Me ကအောင်ကိုလတ်သားဖြစ်ပါတယ်။


ဂျင်းဘောင်းဘီနဲ့တီရှပ်ဝတ်ထားတတ်တဲ့အောင်ကိုလတ်ကိုဆူပါမားကက်မှာပေါ့ပေါ့ပါ့ပါးပါးတွေ့ရလေ့ရှိပါတယ်။အားကစားလိုက်စားတဲ့အဆိုတော်ကြီးအောင်ကိုလတ်ဟာအိုက်ကီဒိုအားကစားမှာဆရာအဆင့်နဲ့ဂျပန်မှာအောင်မြင်ထားတယ်။အသက် ၆၈ နှစ်ရှိတဲ့ (ဦး)အောင်ကိုလတ်မှာကြီးကျယ်ခမ်းနားတဲ့အနုပညာသမိုင်းနောက်ခံထူထူထဲထဲရှိနေပါတယ်။


Source : google

လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.