အမေ

 ဆေးရုံကုတင်ပေါ်မှာပျော့ခွေပြီးအမေလှဲနေတယ်။အစာမဝင်လို့အစာပိုက် လေမရှုနိုင်လို့အောက်ဆီဂျင်ပိုက်တတ်ထားလို့အမေအနေကြပ်နေတယ်။ထစရာမလိုပဲလှဲရက်အပေါ့်အပါးသွားလို့ရတဲ့သေးခံကိုအမေ့ခန္ဓာကိုယ်အောက်မှာမကြာခဏလဲပေးနေရတယ်။အမေ့ပါးစပ်ကငြီးတွားသလိုသက်ပြင်းချသလိုပင့်သက်ရှိုက်သလိုအသံတိုးတိုးကြားနေရတယ်။


အမြဲမျက်လုံးပိတ်ပြီးမှိန်းနေတတ်တယ်။တခါတခါအားငယ်တဲ့အကြည့်နဲ့ဟိုဟိုဒီဒီကြည့်တတ်တယ်။အသိလုံးဝလွတ်မသွားသေးပေမယ့်အရာရာဝေတေဝါးတားဖြစ်နေသလိုအမေခံစားနေရတယ်ထင်တယ်။သေမင်းရဲ့တံခါးဝကိုအမေတလှမ်းခြင်းသွားနေပါပြီ။


“ မေ့ …သားပါ……ကိုဖြူပါ ”

“ မေ့…သားပါ....ကိုပေါက်ပါ ”


အမေကကျွန်တော့်ကိုနာမည်နှစ်ခုခေါ်တယ်။ကိုဖြူခေါ်တယ်။ကိုပေါက်ခေါ်တယ်။အမေခေါ်တဲ့နာမည်နှစ်ခုနဲ့အမေ့မျက်နာကိုကြည့်ပြီးတိုးတိုးခေါ်နေတာပါ။ ကျွန်တော်ကအမေကို  “ မေ့ ” လို့ခေါ်တယ်။


ဒါပေမယ့်အမေကကျွန်တော်ကို

တစိမ်းတယောက်လိုကြည့်နေတယ်။ဘယ်သူမှန်းအမေကောင်းကောင်းမသိတော့ဘူး။အမေကျွန်တော့်ကိုတစိမ်းတယောက်လိုကြည့်တာဘဝမှာအခုမှမြင်ဘူးတယ်။စိတ်ထဲတမျိုးကြီးပဲ။


တလအတွင်းဆေးရုံနှစ်ရုံသုံးခါမြောက်တက်ပြီးအမေ့မှတ်ဥာဏ်ချို့ယွင်းပျက်စီးသွားပါပြီ။အမေနဲ့အမြဲအနီးကပ်နေတဲ့အမကြီးကိုမှတ်မိသယောင်မျက်နာမှာအရိပ်အကဲနည်းနည်းပြတယ်။


ဆေးရုံကုတင်ပေါ်လှဲနေရာကနေထိုင်ချင်ထချင်ရင်အနားမှာရှိတဲ့သူနာပြုအကူကိုပဲအကူအညီတောင်းတဲ့မျက်လုံးနဲ့ကြည့်တယ်။သူနာပြုကဖုန်းကိုလက်ကမချဘူး။အမေ့အနားမှာအမြဲရှိနေတဲ့ အမလေးနဲ့အမကြီးကိုအမေ့ဘဝရဲ့နောက်ဆုံးအားကိုးရာအဖြစ်အမေအားကိုးနေရပြီ။


“ မေ့…သားပါကိုဖြူပါ ”

“ ကိုပေါက်…ကိုပေါက်…မေ့…သားကိုပေါက်ပါ ”


အစာပိုက်အောက်ဆီဂျင်ပိုက်တန်းလန်းဖြစ်နေတဲ့အမေ့ကကျွန်တော့်ကိုမသိသလိုတချက်စိမ်းစိမ်းကြည့်ရင်ခေါင်းကိုတဖက်ဖြည်းဖြည်းလှည့်သွားတယ်။အသက် (၈၄) နှစ်လူကြီးရောဂါဝေဒနာအစုံခံစားနေရတာပါ။နှလုံးတခြမ်းကြီး၊ကျောက်ကပ်ပျက်စီး၊အဆုပ်မကောင်း၊ဆီးထဲပိုးဝင်။


ရုပ်ခန္ဓာနဲ့နမ်တည်မြဲနေသေးပေမယ့်မရဏမင်းနဲ့အချက်ပေးခေါင်းလောင်းသံကိုစောင့်ရင်းဆေးရုံကုတင်ပေါ်မှာအမေအသက်ကြိုးစားရုန်းကန်ရှင်သန်နေရတယ်။


အသက်တချောင်းလွယ်လွယ်မထွက်ဖူးဆိုတာမှန်ပါတယ်။အောက်ဆီဂျင်ပိုက်နှာခေါင်းဝတေ့ထားပေမယ့်အသက်ရှုနိုင်ဖို့အမေအားအင်တဖြည်းဖြည်းနဲ့ကုန်ခမ်းချိနဲ့လာနေပြီ။အစာပိုက်နဲ့ထည့်ထားသမျှအစာနဲ့ဆေးတွေပြန်အန်ထွက်နေပြီးဆိုတာအမေ့ရဲ့နောက်ဆုံးအချိန်နီးကပ်လာပြီးဆိုတာအသိပေးနေတာပဲ။အသက်ကယ်ဆေးနှစ်ခါထိုးရတယ်။


ကုတင်ပေါ်မျက်စိမှိတ်ပြီး ၄ - ၅ ရက်ဆက်တိုက်မျှောနေသလိုအိပ်လိုက်မှုန်ဝါးတဲ့မျက်စိနဲ့အနားပတ်ခြာလည်မော့်ကြည့်လိုက်နဲ့အမေ့ဘဝရဲ့နောက်ဆုံးအချိန်ကိုခက်ခက်ခဲခဲဖြတ်ကျော်နေတာမြင်တော့ငါ့အလှည့်ကြရင်ဒီလိုပဲလားခြောက်ခြောက်ခြားခြားတွေးမိတယ်။


အမေ့နောက်ဆုံးအချိန်ရောက်မှန်းဆရာဝန်ကြီးတွေကသဘောပေါက်လို့အမေ့ကိုဆေးရုံကနေအိမ်ပြန်လို့ရပါပြီလို့ခွင့်ပေးတယ်။ရန်ကင်းအိမ်မှာတလနီးပါး၊ ဆေးရုံနှစ်ရုံမှာတလနီးပါးသေမင်းနဲ့အပြင်းအထန်စစ်ခင်းခဲ့ပြီးမသေမရှင်ဖြစ်နေတဲ့အမေဆေးရုံကနေ အမလေးအိမ်ကိုလူနာတင်ကားနဲ့ရောက်လာခဲ့တယ်။


အောက်ဆီဂျင်အိုးအစာပိုက်တန်းလန်းနဲ့မျော့မျော့လေးပဲရှိတဲ့အမေတရက်ပဲနေပြီးအသက်ငြင်ငြင်သာသာထွက်သွားတယ်။ညာဘက်ပုခုံးအနောက်ကိုကန်ပြီး

နောက်ဆုံးပင့်သက်ကိုခက်ခက်ခဲခဲရှိုက်နေရပေမယ့်အမေ့မျက်နာပြုံးနေပါတယ်။


ကုန်းပေါ်တင်ထားတဲ့ငါးလိုပါးစပ်ဟပြီးဖြည်းဖြည်းသက်သာအသက်ထွက်သွားတာအမလေးကပြောပြတယ်။ရုပ်ခန္ဓာကနမ်ထွက်ခွာသွားတာနဲ့တပြိုင်နက်အမေ့မျက်လုံးပိတ်ပြီးအေးချမ်းသွားတဲ့ပုံကိုအမလေးရှင်းပြတယ်။


အမေ့ဆန္ဒနဲ့သားသမီးများရဲ့ဆန္ဒအတိုင်းအသက်မရှိတဲ့အမေ့ရုပ်ခန္ဓာကိုရေဝေးသုဿန်မှာနေ့ခြင်းပဲအသုဘအခမ်းအနားစီစဉ်ပြီးကျန်ရစ်တဲ့အမေ့ရုပ်ခန္ဓာရဲ့နောက်ဆုံးခရီးကိုရေးဝေမီးသဂြိုလ်စက်ထဲမှာပြီးဆုံးစေခဲ့တယ်။


အမေကျွန်တော့်ကိုမွေးဖွားခဲ့တယ်။နို့ချိုတိုက်ကျွေးခဲ့တယ်။ခြင်ယင်ပိုးကောင်မကိုက်ခဲအောင်စောင့်ရှောက်ခဲ့တယ်။ကျွန်တော်နေမကောင်းရင်ဆံပြုတ်တိုက်ပြီးကျွန်တော့်လက်ကိုဖြည်းဖြည်ခြင်းပွတ်သပ်ပေးနေတတ်တယ်။သွားဒုက္ခခဏခဏဖြစ်တဲ့ကျွန်တော့်အတွက်အဟာရဖြစ်အောင်နွားနို့နဲ့ပေါင်မုန့်အမြဲစီစဉ်ပေးခဲ့တယ်။


ညသန်းခေါင်းမှပြန်လာတတ်တဲ့သားဆိုးတခုခုစားလို့ရအောင်မီးဖိုချောင်ထဲစားစရာတခုခုချန်ထားတတ်တယ်။အစားအစာနေ့စဉ်ကျွေးမွေးခဲ့တယ်။ကျောင်းခေါ်ချိန်မပြည့်လို့ လ(၅)နဲ့ထ(၂)ကမိဘခေါ်စာလာရင်ဖဲထီးတချောင်းကိုင်ပြီးမျက်နာငယ်ငယ်နဲ့အမေကျောင်းကိုရောက်လာတတ်တယ်။


ကျွန်တော့ဘဝအခက်အခဲဒုက္ခကြုံလာတိုင်းအားပေးတဲ့အပြုံးနဲ့အမြဲပြုံးပြပြီးကြံ့ကြံ့ခံနိုင်မယ့်စိတ်ဓါတ်အမြဲပေးခဲ့တယ်။တပတ်တခါရန်ကင်းအိမ်ကိုကျွန်တော်အလယ်လာရင်ဘာကျွေးရမလဲမီးဖိုချောင်ထဲအမေအမြဲရှာတတ်တယ်။အပြန်ကျွန်တော့်ကိုဘာပေးလိုက်ရမလဲအိမ်ထဲဟိုရှာဒီရှာလုပ်တတ်တယ်။အမေကောင်းရာမွန်ရာဘဝရောက်ရှိပါစေ။နောင်ဘဝရှိရင်မေ့သားပြန်ဖြစ်ချင်ပါတယ်။


မေ့သား (ကိုဖြူ၊ကိုပေါက်)

( ၈/၈/၂၀၁၉  အမေကွယ်လွန်ခြင်းနှစ်ပတ်လည်အမှတ်တရ)


လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.