မုန့်ဟင်းခါး

 မနက်လမ်းလျှောက်ပြန်စားနေကြ

မုန့်ဟင်းခါးဆိုင်ထဲဝင်လိုက်တယ်။COVID-19အရှိန်ကြောင့်လမ်းပေါ်

ကားမရှိဘူး။ဆိုင်မှာလူမရှိဘူး။အမြဲလူအုံနေတဲ့မုန့်ဟင်းခါးဆိုင်တောင်လူပါးသွားတယ်။


မုန့်ခင်းထားတဲ့ခုံမှာလူ ၄ - ၅ ယောက်ထိုင်စားလို့ရတယ်။ဘေးမှာပလတ်စတစ်ခုံနဲ့နှစ်ဝိုင်းကလူဆယ်ယောက်လောက်ထိုင်စားလို့ရမယ်။ပလတ်စတစ်ကုလားထိုင်အလွတ်ဆယ်လုံးလောက်ရှိမယ်။


မုန့်ခင်းထားတဲ့ခုံမှာလူမရှိလည်း

ဘယ်တော့မှထိုင်မစားဘူး။မုန့်လာမှာတဲ့သူ၊အကြော်ရွေးတဲ့သူ၊ဆိုင်ကပိုက်ဆံအမ်းတာလူစုံရင်သွားပြီ။အောက်မှာထိုင်စားနေတဲ့သူမုန့်ပန်းကန်ထဲသူတို့တံတွေးအမှုန်ဝင်မှာအရမ်းစိုးတယ်။


ကိုယ်ကအောက်ဘက်မှာထိုင်စားနေတာသူတို့ကကိုယ့်ဘေးကမုန့်ဟင်းခါးရောင်းသူကိုဝိုင်းပွားနေတော့ကိုယ့်ပန်းကန်ထဲသူတို့တံတွေးအမှုန်အမွှားဝင်မှာစိုးရတယ်။အချို့ကွမ်းစားထားတဲ့ပါးစပ်နီကြီးနဲ့မုန့်ဟင်းခါးအော်ဟစ်မှာပါးစပ်ဘေးကကွမ်းအမှုန်ကိုလက်နဲ့သပ်ချလိုက်သေးတယ်။


ဒီနေ့တော့ဆိုင်မှာလူရှင်းနေလို့အလွတ်ချထားတဲ့ကုလားထိုင်တလုံးပေါ်ထိုင်စားနေလိုက်တယ်။ဘေးနားမှာကုလားထိုင် ၃ - ၄ လုံးလွတ်နေသေးတယ်။


ခဏနေလမ်းလျှောက်ပြန်အဖွားကြီး (အသက် ၄၀ ခန့်)တယောက်တုံချိတုံချိရောက်လာတယ်။အဖွားကြီးတွေအနားကပ်ရင်စိတ်ညစ်တယ်။ပရုပ်ဆီလိုမောရိယမန်းဆေးလိုအနံ့မျိုးသူတို့ဆီကရတတ်လို့စိတ်မအီမသာအမြဲဖြစ်ရတယ်၊


အဖွားကြီးကမုန့်ဟင်းခါးမှာရင်း။

“ အကြော်ကလည်းစားချင်တယ်..သွားတွေကမကောင်းတော့ဘူး ” 


အဖွားကြီးရေနွေးကြမ်းငှဲ့သောက်တယ်။လမ်းလျှောက်ပြန်မောလာလို့ထင်တယ်ရေနွေးကြမ်းကသူ့ပါးစောင်ကနေဘေးကိုထွက်ကျချင်နေတယ်။အဖွားကြီးကိုယ့်ဘေးနားလာထိုင်မှာစိုးလို့အနားကပလတ်စတစ်ကုလားထိုင်ကိုသူမမြင်အောင်ခြေထောက်နဲ့မသိမသာတွန်းရွှေ့ထားလိုက်တယ်။


ထင်တဲ့အတိုင်းပဲမုန့်ဟင်းခါးပန်းကန်လည်းရရောအဖွားကြီးအဲ့ဒီကုလားထိုင်မှာဆိုက်ဆိုက်မြိုက်မြိုက်ထိုင်ချလိုက်တယ်။တော်သေးတယ်၊နည်းနည်းတွန်းရွှေ့ထားလို့၊ဘယ်ရမလဲ။


အဖွားကြီးကတော့မသိရှာဘူး၊

သူ့မုန့်ဟင်းခါးကို “ ဖလပ်ဖလပ် ”နဲ့မဲစားနေတယ်။သူ့မှာ “ သွား ” မကောင်းလို့ “  ဖလပ်ဖလပ် ” အသံထွက်တယ်ထင်တာပဲ။


“ မန်းဟင်းရည် ”  


မန္တလေးပဲကြော်နဲ့ဟင်းရည်မှာထားတုံးကောင်မလေးတယောက်ဆိုင်ထဲဝင်လာတယ်။အသက် ၂၀ လောက်ရှိမယ်။ညိုချောလေး၊ပါးမှာပါးကွက်ကြားနဲ့၊မုန့်ဟင်းခါးမှာတာတောင်မဝံ့မရဲနဲ့၊ဘယ်သူကိုက်စားမှာကျနေတာပဲ.....ဟီး။


စာရေးသူလည်းမန်းဟင်းရည်စားနေရင်းလူကြီးပိုးပိုးမိတယ်။ဘေးနားကုလားထိုင်အလွတ်နှစ်လုံးရှိသေးတယ်။ဒီတခါကုလားထိုင်ကိုတွန်းမရွှေ့တော့ပါဘူး။ကလေးမလေးထိုင်ချင်ထိုင်ပါစေ။


လှလှပပငယ်ငယ်ဆန့်ကျင်ဘက်လိင်နဲ့နီးနီးကပ်ကပ်ရှိရင် Adrenaline ဟော်မုန်းထွက်လာပြီး ခန္ဓာကိုယ်ရဲ့မူလခုခံအားစနစ် (Body Immunity)ကိုနိူးဆွသလိုဖြစ်စေတယ်ဆိုတယ်။ခန္ဓာကိုယ်ခုခံအားစနစ်ကောင်းရင်စာရေးသူလိုအဖိုးလေးပေါက်စအရွယ်များအတွက် COVID-19 ကိုပိုပြီးခုခံနိုင်စွမ်းရှိတာပေါ့။


အဖွားကြီးစားပြီးပြန်အထွက်မုန့်ပန်းကန်ကိုင်ထားတဲ့စာရေးသူလက်ကိုထိမိသွားလို့လူကဟန်ချက်နည်းနည်းပျက်သွားတယ်။မုန့်ကုန်နေပေမယ့်ပန်းကန်ကိုင်ပြီးဟိုငေးဒီငေးလုပ်နေတဲ့စာရေးသူကိုအဖွားကြီးပညာပြသွားတာထင်တယ်။


(ဟာသရေးထားတာပါ)


လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.