ငဇင်ကာ (Filipe De Brito)

 ငါးတန်းက "ငဇင်ကာ " အကြောင်းသင်ရတယ်။ပေါ်တူဂီလူမျိုးသံလျင်မြို့စား။နောက်ပိုင်းတံစို့ထိုးအသတ်ခံရတဲ့သူ။ငဇင်ကာနဲ့တွဲပြီးထောင်ငူဘုရင်နတ်သျှင်နောင်နဲ့ဓါတုကလျှာရှေးပဒေသရဇ်အချစ်ဇတ်လမ်းများဖတ်ဖူးကြားဖူးကြတယ်။


သံလျင်မှာအခုထိပေါ်တူဂီဘုရား

ကျောင်းပျက်ငဇင်ကာအုတ်ဂူလို့လူ ပြောများရှေးဟောင်းအုတ်ဂူနဲ့နတ်သျှင်နောင်တည်ထားတဲ့ဘုရားရှိသေးတယ်။


ပေါ်တူဂီလူမျိုးကြေးစားစစ်သားကုန်သည် Filipe De Brito E Nicote ကိုမြန်မာက "ငဇင်ကာ " ခေါ်တယ်။သူ့ကို ၁၅၆၆ ခုနှစ်ပေါ်တူဂီနိုင်ငံ Lisbon မှာမွေးခဲ့တယ်။


အဖေပြင်သစ်အမေပေါ်တူဂီလူမျိုးကမွေးခဲ့တဲ့ငဇင်ကာဟာအရှေ့တောင်အာရှကိုသာမန်သင်္ဘောသားအဖြစ်မထင်မရှားရောက်လာခဲ့တယ်။


ငဇင်ကာလုပ်ရည်ကိုင်ရည်ကြောင့်ရခိုင်ဘုရင်မင်းရာဇာကြီးလက်အောက်မှာသာမန်သင်္ဘော

သားလေးကနေကြေးစားစစ်သားအဖြစ်မင်းမှုထမ်းခွင့်ရခဲ့တယ်။


ရခိုင်ဘုရင်ဆီမှာနေရာရလာတဲ့

ကြေးစားစစ်သားငဇင်ကာဟာ

တိုက်သင်္ဘော ၃စင်း၊ပေါ်တူဂီ၊ရခိုင်ရဲမက်စုစုပေါင်း ၃၀၀၀ နဲ့အတူရခိုင်ကနေသံလျင်ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။၁၅၉၉ ခုနှစ်ရခိုင်ဘုရင်မင်းရာဇာကြီးကငဇင်ကာကိုသံလျင်မြို့စားအဖြစ်ခန့်အပ်ခဲ့တယ်။


တဖြည်းဖြည်းအင်အားကြီးမားလာတဲ့သံလျင်စားငဇင်ကာဟာသံလျင်မှာသူ့လူမျိုးပေါ်တူဂီစစ်သားများအခြေချနေထိုင်ဖို့ခံတပ်စစ်စခန်းအခိုင်အမာဆောက်လုပ်ပြီးသူ့အလုပ်ရှင်ရခိုင်ဘုရင်မင်းရာဇာကြီးဆီကလွတ်လပ်ရေးတောင်းဆိုပြီးသံလျင်ကိုသီးခြားရပ်တည်နိုင်ဖို့ကြိုးစားခဲ့တယ်။


ငဇင်ကာသိမ်းပိုက်ထားတဲ့ပဲခူးမြစ်ကမ်းဘေးတံငါရွာသံလျင်ဟာအရင်ကဟံသာဝတီဘုရင်လက်အောက်ခံဆိပ်ကမ်းမြို့လေးဖြစ်တယ်။နောက်ပိုင်းသံလျင်ဟာ

တောင်ငူဘုရင်လက်အောက်ခံဆိပ်ကမ်းမြို့ငယ်လေးဖြစ်ခဲ့တယ်။


၁၆၀၃ ခုနှစ်မှာတောင်ငူဘုရင်နဲ့ရခိုင်ဘုရင်မဟာမိတ်လုပ်ပြီးသံလျင်မြို့စားငဇင်ကာကိုဝိုင်းတိုက်ခဲ့တယ်။စစ်ရေးပါးနပ်တဲ့ငဇင်ကာ ဟာမြောက်ဦးဘုရင်အိမ်ရှေ့စံမင်းသားမင်းခမောင်းကိုလက်ရဖမ်းဆီးပြီးသူသိမ်းပိုက်ထားတဲ့သံလျင်ဆိပ်ကမ်းမြို့လွတ်လပ်ရေးကိုအသိအမှတ်ပြုပေးဖို့တောင်းဆိုခဲ့တယ်။


ကြံရည်ဖန်ရည်ရှိပြီးရှေ့ရေးကြိုမြင်တဲ့ကြေးစားစစ်သားမြို့စားငဇင်ကာဟာမုတ္တမင်းမွန်ဘုရင်ဗညားဒလသမီးတော်ကိုလက်ထပ်ခဲ့ပြီးသံလျင်ပိုင်စိုးထားတာကိုပိုတည်မြဲအောင်ကြံဆောင်ခဲ့တယ်။


ကြံရည်ဖန်ရည်ရှိတဲ့ငဇင်ကာဟာအိန္ဒိယအနောက်မြောက်ဘက်ပေါ်တူဂီအုပ်ချုပ်ရေးရုံးစိုက်တဲ့ဆိပ်ကမ်းမြို့ဂိုအာ (GOA) ကိုပြန်ပြီးသူ့ကိုယ်သူသံလျင်စစ်ဦးစီးချုပ်၊ပဲခူးအောင်နိုင်သူဗိုလ်ချုပ်ကြီး၊ပဲခူးဘုရင်စတဲ့နာမည်အမျိုးမျိုးနဲ့သံလျင်ကိုသူအပိုင်စားထားတာတရားဝင်ဖြစ်စေနိုင်ဖို့ပေါ်တူဂီဘုရင့်ခံရုံးတော်ရှိတဲ့အိန္ဒိယနိုင်ငံ ဂိုအာမှာဆောင်ရွက်ခဲ့တယ်။


စစ်ရေးအမြင်ရှိတဲ့သံလျင်မြို့စားငဇင်ကာဟာသူ့ပေါ်တူဂီတပ်အချို့ကိုမွန်ဘုရင်ဆီအခကြေးငွေနဲ့ငှားပြီးကျူးကျော်သူဗမာတပ်ကိုဝိုင်းခုခံတိုက်ခိုက်ပေးခဲ့တယ်။


တောင်ငူဘုရင်ကိုအင်းဝဘုရင်ဝင်တိုက်ခဲ့တယ်။ဒါကြောင့်ငဇင်ကာဟာမဟာမိတ်မွန်ဘုရင်ဗညားဒလနဲ့အတူတောင်ငူကိုစစ်ကူတိုက်ပေးခဲ့တယ်။ဗညားဒလကိုယိုးဒယားအယုဒ္ဒယဘုရင်ကလက်နက်ဆင်ပေးထားတာပါ။


အင်းဝဘုရင်ဝင်တိုက်လို့တောင်ငူကျသွားတဲ့အခါငဇင်ကာဟာကေတုမတီတောင်ငူကရသမျှအဖိုးတန်ပစ္စည်းနဲ့အတူတောင်ငူဘုရင်နတ်ရှင်နောင်ကိုခေါ်ပြီးသံလျင်ပြန်လာခဲ့တယ်။


ငဇင်ကာဟာအမြာက်ကျည်ဆံရဖို့သံလျင်မှာရှိတဲ့ဘုရားကျောင်းကန်ကြေးဆင်းတုတော်များကျိုချက်ပြီးအမြောက်ကျည်ဆံလက်နက်ထုတ်လုပ်ခဲ့တယ်။


၁၆၁၃ ခုနှစ်မှာတောင်ငူကိုအောင်နိုင်သူအင်းဝဘုရင်အနောက်ဘက်လွန်မင်းဟာသံလျင်ကိုသိမ်းပိုက်ခဲ့ပြီးမြို့စားငဇင်ကာနဲ့တောင်ငူဘုရင်ဟောင်းနတ်ရှင်နောင်ကိုဗုဒ္ဓဆင်းတုတော်အရည်ကျိုဖျက်ဆီးမှုနဲ့စွဲချက်တင်တံစို့ထိုးသုတ်သင်ခဲ့တယ်။၁၆၁၃ ဧပြီလမှာသံလျင်မြို့လည်‌ကောင်မှာတံစို့ထိုးသတ်ခဲ့တာပါ။


အင်းဝအနောက်ဖက်လွန်မင်းဘုရင်ဟာငဇင်ကာ့နောက်လိုက်သံလျင်ဆိပ်ကမ်းမြို့ကျပြီးပေါ်တူဂီလူမျိုး ၅၀၀၀ ကိုစစ်သုံ့ပန်းအဖြစ်အင်းဝ ပို့ခံရတယ်။မြို့စားငဇင်ကာပေါ်တူဂီစစ်သားအချို့ကိုစစ်ဘက်အကြံပေးအဖြစ်တောင်ငူ‌ကို အောင်နိုင်တဲ့အနောက်ဘက်လွန်မင်းကပြန်ခန့်အပ်ခဲ့တယ်။


ပေါ်တူဂီစစ်သုံ့ပန်းများကိုနောင်တိုင်းပြည်အရေးအရာအာဏာလုပွဲမှာမပါဝင်အောင်ရွှေဘိုခရိုင်မူးမြစ်ဝှမ်းတဝိုက်မှာနေရာချပေးပြီးလယ်ယာစိုက်ပျိုးရေးလုပ်ကိုင်

စားသောက်နိုင်အောင်အင်းဝဘုရင်အနောက်ဖက်လွန်မင်းကစနစ်တကျစီစဉ်ပေးခဲ့တယ်။စစ်ရှုံးသံလျင်မြို့စားငဇင်ကာ့စစ်တပ်မှပေါ်တူဂီအနွယ်ဝင်များစစ်ကိုင်းတိုင်းရွှေဘိုခရိုင်မူးမြစ်ဝှမ်းတဝိုက်ရှိနေပါသေးတယ်။ 


မူးမြစ်နဲ့ချင်းတွင်းမြစ်ဝှမ်းကြားမှာနေထိုင်ကြတဲ့ Catholic ဘာသာကိုးကွယ်ကြသူထဲမှာနှာခေါင်းရှည်ရှည်မျက်လုံးညိုညိုစစ်သုံ့ပန်းပေါ်တူဂီစစ်သားအဆက်အနွယ်များဒီနေ့ခေတ်ထိတွေ့မြင်နိုင်ပါသေးတယ်။ 


မထင်မရှားသာမန်သင်္ဘာသားလေးဘဝကနေတပြည်တရွာမှာဘုရင်ခံတက်လုပ်နိုင်ခဲ့တဲ့ငဇင်ကာခေါ်ကြတဲ့ပေါ်တူဂီလူမျိုးနယ်ပယ်သစ်ရှာဖွေသူ၊စွန့်စားရေးသမား ကြေးစားစစ်သား  Filipe De Brito E Nicote (ငဇင်ကာ)ကိုနယ်ချဲ့သမားဆိုပြီးမြန်မာ့သမိုင်းမှာခပ်မှိန်မှိန်ပဲနေရာပေးထားတယ်။


Ref : Wikipedia

လွင်ဦး(ရန်ကင်း) 


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.