ပညာရေး

 မြန်မာနိုင်ငံဟာအင်္ဂလိပ်လက်အောက်နှစ်ရာချီနေခဲ့ရလို့ ကောင်းမွန်ခေတ်မှီတဲ့အင်္ဂလိပ်ပညာရေးစနစ်အခြေခံခဲ့တယ်။မြန်မာနိုင်ငံမှာပထမဦးဆုံးအထက်တန်းကျောင်းကို ၁၈၇၄ မှာဖွင့်လှစ်ခဲ့တယ်။၁၈၇၆ ခုနှစ်မှာ ၂ နှစ်သင်ရန်ကုန်ကောလိပ်ဖွင့်လှစ်နိုင်ခဲ့တယ်။


၂၀၁၄ သန်းခေါင်းစာရင်းအရ မြန်မာနိုင်ငံမှာ စာတတ်မြောက်မှု ၈၉.၅ % ရှိတယ်ဆိုပါတယ်။နှစ်စဉ်ပညာရေးအသုံးစားရိတ်ဟာ အစိုးရဘက်ဂျက် ၁.၂ % ပဲရှိတယ်။ 


၁၉၈၁ မတ်လဆယ်တန်းစာမေးပွဲ

ဖြေခဲ့တယ်။ထ (၂) ဘတ်စကက်ဘောရုံကပ်ရပ်အခန်းမှာ။၅၊၆၊၈ တန်းနှစ်ကျလို့ဆယ်တန်းဖြေတော့အသက် ၁၉ နှစ်ကျော်နေပြီ။ကိုယ့်ရွယ်တူတွေက Main ထဲမှာ။


ကျွန်တော့်ကလေးတွေအတော်အံဩတယ်။၅ တန်း ၆ တန်းကိုဖေကြီးဘယ်လိုကျအောင်ဖြေခဲ့လည်းမစဉ်းစားတတ်ဘူးတဲ့။သူငယ်ချင်းထဲမှာအခြေခံအဆင့်မှာစာမေးပွဲကျတာမရှိသလောက်ပဲ။


ကျွန်တော်မှတ်မိသလောက်စာမေးပွဲရှိလည်းပုံမှန်အတိုင်းအဆော့မပျက်ဘူး။အင်းယားငါးမျှားမပျက်ဘူး။ပိုက်လုံးဘေးငါးပက်မပျက်ဘူး။စွန်လိုက်မပျက်အဆော့မပျက်ဘူး။


ငါးတန်းနှစ်ကအလှမွေးငါးမွေးပြီးဒီငါးကိစ္စပဲနေ့တိုင်းလုပ်နေခဲ့တယ်။၆ တန်းမှာငါးကောင်းကောင်းမျှားတတ်ပြီ။နေ့တိုင်းအင်းယားမှာငါးမျှားဖို့နဲ့စွန်လိုက်ဖို့ပဲစိတ်ဝင်စားတယ်။ပိုက်လုံးဘေးမြောင်းထဲမှာငါးနိုက်မပျက်ဘူး။အိမ်မှာအဖေအမေကအော်ပေမယ့်စာကြည့်ချင်ယောင်‌ဆောင်တတ်တယ်။ကိုယ်ဆော့နေတဲ့အလုပ်ပဲစိတ်ဝင်စားတယ်။


ဆယ်တန်းမှာကျောင်းအပြေးကောင်းတာအိမ်ကအမေထီးတချောင်းနဲ့ကျောင်းကို ၉ တန်း ၁၀ တန်းနှစ်နှစ်လုံးကျောင်းအုပ်ဆရာမကြီးဒေါ်လှကြည်ကိုလာတွေ့ခဲ့ရတာမှတ်မိတယ်။


ကျောင်းအပြေးကောင်းတာ ၉၊၁၀ တန်းအတန်းထဲမှာပုံမှန်ထိုင်ခုံနေရာမရှိဘူး။၂ နှစ်တက်ခဲ့တဲ့ကျောင်းမှာသူငယ်ချင်းသုံးယောက်ဆုံခဲ့တယ်။တောင်ဥက္ကလာဗိုလ်အုန်းသီးကွေ့ကသန်းထွန်းအောင်၊ရွာသစ်ကြီးကခင်မောင်ဆွေနဲ့တိုက်သစ်ကရဲစိန်။သူတို့အကုန်မရှိကြတော့ဘူး။ဘဝတပါးပြောင်းကုန်ကြပြီ၊ 


ကိုးတန်းအတန်းပိုင်ဒေါ်စိုးစိုးမြင့်၊ဆယ်တန်းအတန်းပိုင်းဆရာဦးကျော်ပါ။ဒီဆရာဆရာမနှစ်ယောက်နဲ့ဆရာဦးသန်းထွန်းပဲမှတ်မိတယ်။ 


ကျက်စာနဲ့သင်္ချာမှာသူများနဲ့ပြောင်းပြန်၊ကိုယ်ကကျက်စာကိုကြိုက်တယ်။စာမျက်နှာဘယ်လောက်များများ ကောင်းကောင်းကျက်နိုင်တယ်။သင်္ချာကိုတော့အသေကြောက်တယ်။ဒီနေ့အထိသင်္ချာကိုကြောက်တယ်။၁၂ အလီအထိပဲရတယ်။


ဆရာဦးသန်းထွန်း(ချက်ကြီး) သင်္ချာသင်နေရင်ငေးသာငေးနေတယ်ဘာသင်လို့သင်မှန်းမသိဘူး။ဆရာချက်ကြီးကျုရှင်မှာတလပဲတက်ပြီးနောက်မတက်ဖြစ်တော့ဘူး။


မရှက်တမ်းပြောရရင်ဆယ်တန်းစာမေးပွဲသင်္ချာဖြေတဲ့နေ့ကောင်းကောင်းမဖြေနိုင်ခဲ့ဘူး။အောင်မှတ်ရလောက်ပေမယ့် စိတ်လေးနေတယ်။ကံကောင်းလို့ ဘေးခုံကကောင်မလေးခိုးပြပေးတဲ့သင်္ချာတပုဒ်ဖြည့်ရေးနိုင်ခဲ့လို့စိတ်သက်သာရခဲ့တယ်။သူ့ကိုလည်းမှတ်မိတယ်၊နာမည်သာမသိတာ၊ငါးလုံးတန်းက။


အင်္ဂလိပ်စာ၊သမိုင်း၊ပထဝီ-ဘောဂ 

ကောင်းကောင်းဖြေနိုင်တယ်။စာမေးပွဲနောက်ဆုံးနေ့သမိုင်းထင်တယ်။ဖြေပြီးအိမ်အပြန်ငါဒီကျောင်းကိုနောက်တခါလာစရာမလိုတော့ဘူးစိတ်ထဲတွေးမိတယ်။သူငယ်ချင်းတွေဆယ်တန်းကို ၂ နှစ် ၃ နှစ်ဖြေနေကြတာကံကောင်းလို့ကျွန်တော်တနှစ်ထဲနဲ့အောင်ခဲ့တယ်။


အမှန်ပါပဲ။၁၉၈၁ မတ်လကစပြီး ဒီနေ့အထိကျောင်းကိုတခါမှမရောက်တော့ဘူး။ဒါပေမယ့်အိမ်မက်ထဲမှာရန်ကင်း ထ(၂) ကိုမကြာခဏထည့်မက်တယ်။ကျောင်းရှေ့ကဖြတ်သွားရင်ကျောင်းကိုလှည့်မကြည့်ပဲမနေနိုင်ဘူး။


၁၉၆၂ ဗိုလ်နေဝင်းစစ်အာဏာသိမ်းပြီးပုဂ္ဂလိကစာသင်ကျောင်းများကို ၁၉၆၅ ဧပြီ ၁ ရက်နေ့ပြည်သူပိုင်သိမ်းပြီးနောက်ပိုင်းအရှေ့တောင်အာရှမှာအကောင်းဆုံးမြန်မာ့ပညာရေးစနစ်အလွန်ထိခိုက်နစ်နာပျက်စီးဆုံးရှုံးခဲ့ရတယ်။အခုခေတ်အထိ "စနစ်သစ်‌" ပေါင်းများစွာနဲ့ပညာရေးစနစ်မတည်ငြိမ်ပဲတိုင်ပတ်‌နေပါတယ်။ဘွဲ့ရအလုပ်လက်မဲ့လူဦးရေသန်းချီနိုင်တယ်။ဘွဲ့ရအလုပ်ရှိသူများလည်းမဖြစ်စလောက်လစာငွေနဲ့မနည်းဖြစ်ညစ်ရပ်တည်နေကြရတယ်။


Source: Google

လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.