မိုးသက်လေနှင်
မိုးရာသီကိုဖွဲ့ဆိုထားတဲ့သီချင်းပေါင်းများစွာရှိပါတယ်။ကျနော်တို့မှီသမျှဆိုရင်လွှမ်းမိုးရဲ့မိုးစက်တင်လေ၊ကိုင်ဇာရဲ့မနိူးပါစေနဲ့မိုးရယ်နဲ့ ဂျေညီညီရဲ့ဒီမိုးသီချင်းတို့နာမည်ကြီးကြတယ်။
ငယ်ငယ်တုန်းကမိုးတွင်းရောက်ရင်ရေဒီယိုကမိုးနဲ့ပတ်သက်တဲ့သီချင်းတွေကိုပုံမှန်လွှင့်ပေးလေ့ရှိတယ်။အခုတော့မသိဘူး။မှတ်မှတ်ရရဖြစ်မိတာကစန္ဒယားလှထွဋ် “ တိမ်တမန်” နဲ့ မောင်မောင်ညွန့် “မိုးသက်လေနှင်” နှစ်ပုဒ်ကိုကောင်းကောင်းခံစားမိတယ်။
တကယ်တော့ “ မိုးသက်လေနှင်” သီချင်းဟာကျနော်တို့မိဘတွေခေတ်ကတည်းကအသည်းစွဲသီချင်းတစ်ပုဒ်ပါ။သီချင်းစာသားထဲမှာလည်းမိုးဦးရနံ့နဲ့အတူအနောက်တောင်ဘက်ကတိုက်ခတ်လာတဲ့လေပြေညှင်းလေးကိုပါခံစားရသလိုဖြစ်လာတယ်။
ကျနော်ဥာဏ်မှီသလောက် “ မိုးသက်လေနှင်” သီချင်းဟာဗမာအရမ်းဆန်ပြီးသီချင်းစာသားရေးဖွဲ့မှုနဲ့သံစဉ်ပိုင်းမှာကျေးလက်ရိုးရာဟန်နဲ့အလွမ်းမိုးငွေ့လွှမ်းခြုံနေပါတယ်။သီချင်းစာသားကိုခံစားကြည့်နိုင်တယ်။မိုးရွာကာနီးဖတ်ကြည့်ရင်ပိုခံစားလို့ရတယ်။
…………………….
အနောက်တောင်ဆီကရွာမည်ဟန်ပြင်….မိုးသက်လေနှင်မုန်တိုင်းပင့်လျှင်……စစ်မျက်နာဖွင့်တိမ်ခိုးလွှင့်ကာနှင်……မှိုင်းမှိုင်းရိပ်မှောင်စွန်တောင်မင်…ပြိုမှာလေလားမိုးရဲ့စိုးအောင်ခုပင်……အဗ္ဗူန်မောင်ဖန်အားလေတဲ့အင်……
လျှံရွှေစင်ပြိုးပြိုးပျက်လျှပ်စက်
ရောင်ခြည်မျှင်…ဗျူဟာဆင်မိုးလုံးပြည့်တရွှေ့ရွှေ့ယူဆဲတွင်…နယ်ရှစ်ခွင်မင်းလွင်ဝန်းကျင်..လွမ်းအောင်ဖေါ်ပြအာကာဝေဟင်..ဘယ်ရှေးဝဋ်ကြွေးတုန့်တင် ..ချေပြီထင်ခဲ့ ..
ခိုမှီရာမဲ့..ရှုလှည့်မြင်လှည့်စေခြင်..ချစ်တဲ့သူရဲ့ရင်ခွင် .... ဒီမိုးမှောင်တုန်း....မောင်ပုန်းပါရစေခင် …တကိုယ်ရေအားနွဲ့နွဲ့ ..တုန်ပြီရွှေဘဝင်..ငြိုးရက်တဲ့ဒေဝါဆွေနတ်ရှင်..အော်...မိုးသက်လေနှင် ………
......
တကယ်ဆိုရင် “ မိုးသက်လေနှင် ” သီချင်းဟာမိုးရာသီကိုဖွဲ့ဆိုထားတဲ့အကောင်းဆုံးတပုဒ်ဆိုနိုင်ပါတယ်။မြန်မာသံစဉ်စစ်စစ်ဂန္တဝင် " မိုးသက်လေနှင်" သီချင်းကို "ဂီတနတ်သန်ကိုစောညိန်း" ရေးစပ်ပြီး " မောင်မောင်ညွှန့်" သီဆိုထားတာပါ။
လွင်ဦး(ရန်ကင်း)
Comments
Post a Comment