ဂျိုးဖြူပိုက်လုံးကြီး

 ငယ်စဉ်ကလေးဘဝအချိန်အများစုက "ရန်ကင်းဂျိုးဖြူပိုက်လုံး" တဝိုက်အချိန်ကုန်ခဲ့တာများတယ်။အသက် ၇ - ၈ နှစ်ကစပြီးပိုက်လုံးဘေးနဲ့ဆရာအတတ်သင်ကျောင်းဝင်း(ရန်ကင်းပညာရေးကောလိပ်)တဝိုက်ကစားရင်းလူဖြစ်ခဲ့တာပါ။


ဆေးလိပ်ခိုးသောက်တာ၊ဘောလုံးကန်တာ၊စွန်လိုက်တာ၊ငါးမျှားတာ၊ ရွံ့ဗွက်နဲ့ဆော့တာ၊ရန်ဖြစ်တာ၊ချိန်းတွေ့တာ၊မူးယစ်ထုံထိုင်းတာ၊လေးဂွစစ်ပွဲအစုံပဲ။ဂျိုးဖြူပိုက်လုံးနဲ့ပတ်သက်ပြီးမှတ်မှတ်ရရအများကြီးထဲကနှစ်ခုပြောပြချင်တယ်။


တခုကပိုက်လုံးဘေးပစ်ထားတဲ့ သင်ဖြူးဖျာအဟောင်းကြီးတချပ်အကြောင်းပါ။ပိုက်လုံးဘေးမှာမွေ့ယာဟောင်းဖျာအဟောင်းတွေလာပစ်ထားတတ်ကြတယ်။နတ်ကွန်းဟောင်းမိန်းမအသုံးအဆောင်အဟောင်းလည်းအများကြီး။


နာရေးအိမ်ကနာရေးမှာသုံးထားပြီးသားဖျာလာပစ်ထားတတ်ကြတယ်။တရက်ပိုက်လုံးအောက်လျှိုလေးထဲမှာဖျာအဟောင်းကြီးတချပ်နဲ့ခြုံပုတ်စခန်းကိုကျနော်တို့ဆောက်ခဲ့တယ်။နေ့လည်နေ့ခင်းလာဆော့ဖို့၊ကျောင်းပြေးရင်ပိုက်လုံးကြီးအောက်ဒီခြုံပုတ်စခန်းထဲလာခိုနေဖို့ပါ။ခြုံပုတ်စခန်းထဲမှာဖဲခိုးရိုက်တယ်၊ဆေးလိပ်ခိုးသောက်တယ်။


တရက်မိုးနည်းနည်းရွာပြီးနေပူရင်ညီစို့စို့အနံ့ထွက်တတ်တဲ့ဒီဖျာအဟောင်းကြားထဲကတရာတန်တရွက်ထွက်လာတယ်။လဖက်ရည်ဗူးနို့ဆီတခွက်သုံးမတ်မှာငွေတရာဆိုတာအရမ်းတန်ဘိုးရှိတယ်။ဖျာကအလွှာလိုက်ရှိတော့ဖျာအလွှာတခုကြားထဲမှာကျပ်တရာတန်ကိုပိုင်ရှင်ကသေသေချာချာထည့်ထားတာ။သူငယ်ချင်း‌တွေကဒီဖျာကြီးကတနေ့ကနာရေးဖြစ်တဲ့အိမ်ကလာပစ်ထားတဲ့ဖျာပြောတယ်။


ဂျိုးဖြူပိုက်လုံးကြီးနဲ့နောက်မှတ်မှတ်ရရတခုကပိုက်လုံးကြီးကိုအဆစ်ဖြုတ်ပြုပြင်ထိမ်းသိမ်းတာမြင်ခဲ့ဖူးတယ်။ရန်ကင်းတိုက်နံပတ် ၁၃၄ - ၁၃၅ နားမှာပိုက်လုံးကြီးကိုအဆစ်ဖြုတ်လိုက်တယ်။လူတွေစက်တွေယန္တယားတွေအများကြီး။ကရိန်းဝန်ချီစက်အများကြီးနဲ့နေ့ရောညပါမီးမောင်းကြီးထိုးပြီးအလုပ်လုပ်နေခဲ့ကြတာ။


အဆစ်ဖြုတ်ထားလို့ဟောင်းလောင်းဖြစ်နေတဲ့ပိုက်လုံးပေါက်မဲမဲကြီးထဲထရော်လီစီးပြီးအလုပ်သမားတွေဝင်လိုက်ထွက်လိုက်လုပ်နေကြတယ်။ထရော်လီပေါ် လူ ၄ - ၅ ယောက်တက်ထိုင်ပြီးပိုက်လုံးနရံကိုလက်နဲ့တွန်းပြီးမှောင်မဲနေတဲ့ပိုက်လုံးအထဲတိုးဝင်သွားတာ။အလုပ်သမားဦးထုပ်ပေါ်မှာမီးလုံးပါတယ်၊မြေအောက်သတ္တူတွင်းထဲဆင်းသွားတဲ့အလုပ်သမားအတိုင်းပဲ။ဂျိုးဖြူပိုက်လုံးကြီးကို ၁၉၄၁ ခုနှစ်အင်္ဂလိပ်ကိုလိုနီတည်ဆောက်ခဲ့တယ်။


လွင်ဦး(ရန်ကင်း) 


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.