ပါဝါဘန့်
ညနေတိုင်းလမ်းလျှောက်ဖြစ်တယ်။ပြည်လမ်း၊အင်းယားကန်ဘောင်၊ဗဟိုလမ်း၊MICT ဝင်း၊ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းနေရာစုံပဲ။တရက်ကန်ဘောင်ပေါ်လမ်းလျှောက်ပြီးခဏနားနေတုံးဘေးမှာအတွဲနှစ်ယောက်စကားပြောသံကြားရတယ်။ကိုယ့်ကိုလူကြီးဆိုတော့သူတို့နှစ်ယောက်လွတ်လွတ်လတ်လတ်စကားပြောနေသံအတိုင်းသား။
အင်းယားကန်ဘက်ကိုမျက်နာမှုပြီးနှစ်ယောက်ထိုင်နေကြတာ။အသက်အစိတ်ဝန်းကျင်လူငယ်နှစ်ယောက်။ကောင်မလေးကနည်းနည်းခေတ်ဆန်ပုံရတယ်။ကောင်လေးကတိုင်းရင်းသားပုံစံစကားဝဲတဲတဲ။
လက်ထဲမှာအိတ်၊ထမင်းချိုင့်တွေနဲ့ဆိုတော့အလုပ်ကပြန်လာကြတာထင်တယ်။နယ်ဘက်ကနေရန်ကုန်မှာဘဝတိုးတက်ရာတိုးတက်ကြောင်းလာရှာဖွေနေကြတဲ့လူငယ်များစွာထဲကနှစ်ယောက်။ကောင်မလေးက။
“ တစ်ခုလောက်မေးချင်လို့...
စိတ်ဆိုးမှာလား "
“ ပြောပါ...စိတ်မဆိုးပါဘူး ”
ကျနော်လည်းစိတ်ဝင်စားပြီးလေ့ကျင့်ခန်းလုပ်သလိုနဲ့မသိမသာနားစွင့်လိုက်တယ်။
“ လစာဘယ်လောက်ထွက်လဲ ”
ကောင်မလေးကမဝံ့မရဲမေးလိုက်တယ်။ကောင်လေးကဘာမှပြန်မပြောပဲအင်းယားကန်ဘက်ငေးကြည့်နေတယ်။ခဏနေမှ။
“ သိပ်မရှိပါဘူး ”
“ သိပ်မရှိပါဘူးဆိုတာဘယ်လောက်လဲ” ကောင်မလေးကထပ်မေးလိုက်တယ်။
ကောင်လေးကသူ့ဘောင်းဘီဘေးအိပ်ထဲကစာအိတ်အဖြူကိုဆွဲထုတ်ပြီးသက်ပြင်းမသိမသာချလိုက်တယ်။စာအိတ်ကိုသေသေချာချာခေါက်ထည့်ထားတာ။ ရိုရိုသေသေသေစာအိပ်ဖေါက်ပြီးအထဲကပိုက်ဆံကိုဖြည်းဖြည်းခြင်းဆွဲထုတ်လိုက်တယ်။
ကျနော်လည်းဘာများဆက်ပြောမလဲနားစွင့်လိုက်တယ်။သူများစကားပြောတာနားထောင်တာရိုင်းပျမှန်းသိပေမယ့်လူငယ်နှစ်ယောက်ခံစားချက်ကိုစာနာစိတ်နဲ့နားစွင့်မိတယ်။
“ တစ်သိန်းခြောက်သောင်း ”
ငါးထောင်တန်နဲ့တစ်သောင်းတန်
ကိုလက်နှစ်ဘက်နဲ့ကိုင်ထားရင်းကောင်လေးကတိုးတိုးပြောလိုက်တယ်။ကောင်မလေးကသူ့ကောင်လေးပုခုံးလှမ်းကိုင်ပြီး။
“ဒါဆိုလည်း..နောက်လကြမှဝယ်ပေးတော့ ”
ချိုချိုသာသာပြောလိုက်တယ်။သူလိုက်ကြည့်ထားတဲ့ဆိုင်မှာ Power Bank တခုကိုအနည်းဆုံးနှစ်သောင်းကျော်ရှိတယ်။အဲ့ထက်နည်းတာမတွေ့သေးဘူးကောင်မလေးပြောနေတာကြားနေရတယ်။
ကောင်လေးကသူဒီလအလုပ်စဝင်ရတဲ့လှိုင်သာယာကစက်ရုံအကြောင်း၊အချိန်ပိုဆင်းရတဲ့အကြောင်း၊ကောင်မလေးလိုချင်တဲ့ Power Bank အခုလဝယ်ပေးနိုင်တဲ့အကြောင်း၊သူအခုငှားနေတဲ့အဆောင်အဆင်ပြေကြောင်း၊သုံးလအစမ်းခန့်နဲ့ဒီအလုပ်မှာမြဲဖို့လိုတဲ့အကြောင်းပြောနေသံကြားရတယ်။
လွင်ဦး(ရန်ကင်း)
Comments
Post a Comment