ရေခဲမုန့်သည်

 ပြည်လမ်းအင်းလျားကန်ဘောင်မြကန်သာလမ်းလူကူးကုန်းတံတားနားမှာရေခဲမုန့်သည် ၄ - ၅ယောက်စုနေတာတွေ့တယ်။စျေးရောင်းနေတာမဟုတ်ဘူး။ကန်ဘောင်ဘက်ကတစ်ယောက်ယောက်ကိုသတိထားကြည့်နေကြတာ။


အသက် ၁၆ - ၁၇ ပတ်လည်အညာသားပုံစံလေးတွေ။တောသူတောင်သားဆိုတော့

နွမ်းပါးတဲ့ပုံစံရှိတယ်။ရိုးသားပုံပေါ်ကြတယ်။စားရိတ်စားကကြီးတဲ့ရန်ကုန်မြို့မှာဘဝတက်လမ်းလာရှာတဲ့နယ်ပေါင်းစုံကလူငယ်တွေ။ဒါပေမယ့်သူတို့မျက်လုံးတောက်ပနေကြတယ်။


ရာသီဥတုကောင်းတဲ့ညနေ ၆ နာရီဆိုအင်းလျားကန်ဘောင်မှာလူများနေပြီ။ကျွန်တော်လည်းစိတ်ဝင်စားလို့ရေခဲမုန့်သည်လေးတွေကိုမလှမ်းမကမ်းကစောင့်ကြည့်နေလိုက်တယ်။ရေခဲမုန့်ဝယ်စားမယ့်သူမဟုတ်မှန်းသိလို့သူတို့အုပ်စုကကိုယ့်ကိုစိတ်မဝင်စားဘူး။


ခဏအကြာသရက်သီးစိတ်ဗန်းခေါင်းပေါ်တင်ထားတဲ့ကလေးမတယောက်ခပ်သွက်သွက်လူကူးတံတားဘက်လျှောက်လာတယ်။ ရေခဲမုန့်သည်လေးတွေအနားမှာမသိမသာခေါင်းဆပ်ပြတိုးတိုးပြောပြီးပြန်လှည့်သွားတယ်။


ချက်ခြင်းပဲရေခဲမုန့်သည်လေး‌တွေသူတို့ရေခဲမုန့်ပုံးလွယ်ပြီးကန်ဘောင်ပေါ်ကိုခပ်သွက်သွက်အပြေးတပိုင်းတက်ကြတယ်။ရေခဲမုန့်ပုံးကိုစလွယ်သိုင်းကိုယ်ရှေ့ကိုင်းကန်ဘောင်ပေါ်မျော်လင့်ချက်အပြည့်နဲ့တက်သွားကြတယ်။အင်းလျားကန်ဘောင်ကသူတို့ကိုစျေးရောင်းခွင့်ပေးလိုက်လို့အားတက်နေကြတာပါ။


အနားမှာရှိတဲ့အညာသားပုံလူလတ်ပိုင်းတယောက်က “ ဖြည်းဖြည်းသွားကြ” ဆိုပြီးရေခဲမုန့်သည်လေးတွေကိုလှမ်းပြောသံကြားလိုက်တယ်။ရေခဲမုန့်သည်အုပ်စုခေါင်းဆောင်ဖြစ်ပုံပေါ်တယ်။


အဲ့တော့မှသဘောပေါက်တယ်။ 

ကန်ဘောင်မှာတက်ရောင်းလို့ရပြီဆိုင်ရာပိုင်ရာကအချက်ပြလိုက်လို့သရက်သီးစိတ်သည်ကောင်မလေးကရေခဲမုန့်အုပ်စုကိုသတင်းလာပို့တာ။ကျွန်တော်ကအဲ့ဒီလူကို။


“ စျေးရောင်းစားရတာလည်းမလွယ်ပါလားညီလေး ” 


“ ဟုတ်တယ်အကိုရာ...ကောင်းရောင်းကောင်းဝယ်လုပ်စားရတာလည်းမလွယ်ပါဘူး…စျေးရောင်းလို့ရတဲ့အမြတ်ထဲကဆိုင်ရာပိုင်ရာကိုခွဲပေးမှဒီလိုနေရာကောင်းစျေးရောင်းလို့ရတာ ” 


လူကအညာသားဆိုတော့အသားညိုညို၊ဆေးပေါ့်လိပ်ခဲထားတယ်။ဦးထုပ်ငိုက်ငိုက်ဆောင်းပြီးလွယ်အိတ်လွယ်ထားတယ်။ပြည်လမ်းအင်းလျားကန်ဘောင်မှာလက်ပွေ့စျေးရောင်းခွင့်ကိုတာဝန်ကျစည်ပင်ဝန်ထမ်းကအပိုင်စီးထားတယ်ထင်တယ်။အခြားသူတွေဝင်ရောင်းလို့မရဘူး။ကားပါကင်ဘက်ကဆိုင်ကြီးတွေဆိုငှားရမ်းခနည်းမှာမဟုတ်ဘူး။


အင်းလျားကန်ဘောင်ဝင်ရောင်းချင်ရင်ကန်ဘောင်ကိုင်ထားတဲ့ စည်ပင်ဝန်ထမ်းနဲ့ချိတ်ဆက်ပြီး အခကြေးငွေပေးဝင်ရောင်းရတာ။သတ်မှတ်အချိန်သတ်မှတ်ထားအစားအသောက်ပဲရောင်းခွင့်ရှိတယ်။စည်ပင်ဝန်ထမ်းမိသားစုရောင်းနေတဲ့အစားအသောက်မျိုးဝင်ရောင်းခွင့်မရှိဘူး။ 


သတ်မှတ်အချိန်ဝင်ရောင်းသတ်မှတ်အချိန်ကန်ဘောင်ကပြန်ဆင်း၊သူတို့အခြင်းခြင်းသတ်မှတ်သဘောတူထားတာရှိတယ်။စည်းကမ်းမလိုက်နာရင်စျေးလာရောင်းခွင့်နောက်မရှိဘူး။


သင်္ကြန်၊နယူးရီးယားလိုကန်ဘောင်မှာစျေးရောင်းချခွင့်ကိုစည်ပင်ရုံးချုပ်ကကိုင်ထားတယ်။သာမန်အချိန်စျေးရောင်းချခွင့်ရဖို့ အင်းလျားကန်ဘောင်စည်ပင်ဝန်ထမ်းအခရာပဲ။ရေခဲမုန့်ပုံးကိုင်ပြီးကန်ဘောင်ပေါ်ဝယ်ခေါ်စားမယ့်သူကျီးကန်းတောင်းမှောက်လိုက်ရှာနေတဲ့ရေခဲမုန့်သည်လေးတွေမျက်နာကိုမြင်ယောင်မိတယ်။


ရွှေတိဂုံဘုရားမြောက်ဘက်ကားကွင်းမှာတွေ့တဲ့ရေခဲမုန့်သည်ကတမျိုး။ဧည့်သည်ဘုရားပေါ်ပို့ပြီးကားထဲထိုင်စောင့်နေတုံးတွေ့တာ။ဒီရေခဲမုန့်သည်ကအသက် ၃၅ လောက်ရှိမယ်။သားသားနားနားဝတ်စားထားတယ်။သူကရေခဲမုန့်ပုံမှန်ရောင်းနေတာမဟုတ်ဘူး။ဘုရားပေါ်ကဆင်းလာတဲ့ဘုရားဖူးထဲမှာနယ်ဘက်ကမိသားစုလိုက်ဘုရားလာဖူးကြတဲ့မအူမလည်ပုံစံကိုပစ်မှတ်ထားတာ။ 


မိသားစုထဲအသက် ၅ - ၆ နှစ်အရွယ်ကလေးမိသားစုအနောက်မယောင်မလယ်ကျန်ခဲ့ပြီးရေခဲမုန့်ကွက်ကြည့်ကွက်ကြည့်လုပ်နေရင်သူကကလေးကိုလက်ယပ်ခေါ်ကလေးလက်ဆွဲပြီးရေခဲမုန့်လက်ထဲထည့်ပေးလိုက်တာ။ကလေးကရေခဲမုန့်ပေးတော့ ဝမ်းသာအားရစားတာပေါ့်။


အဲ့တော့မှလူလည်ရေခဲမုန့်သည်ကအရှေ့ကသွားနေတဲ့ကလေးမိသားစုကိုလှမ်းအော်ပြီးပိုက်ဆံတောင်းတာ။ရေခဲမုန့်စားမိတဲ့ကလေးဘုမသိဘမသိခေါင်းခေါက်ခံရပြီးမိဘလည်းမကျေမနပ်နဲ့ရေခဲမုန့်သည်တောင်းတဲ့ရေခဲမုန့်ဘိုးပေးလိုက်ရတယ်။၅၀၀ တန်ရေခဲမုန့်ကို ၁၀၀၀ ပေးလိုက်ရတာ။၁ နာရီနီးပါးကားပေါ်ကစောင့်ကြည့်နေတာလူလည်ရေခဲမုန့်သည်ပစ်မှတ်ထဲဝင်သွားတဲ့ယောင်နနကလေး ၃ - ၄ ယောက်တွေ့ခဲ့တယ်။

လွင်ဦး(ရန်ကင်း)

Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.