သားလိမ္မာ

 အသက်ရလာပြီဆိုတော့အားဆေး

ပုံမှန်သောက်ဖြစ်တယ်။ဒီနေ့လမ်းထိပ်

ဆေးဆိုင်မှာလူစည်နေတယ်။လကုန်ရက်

ဆေးဆိုင်ရောင်းကောင်းနေတယ်။


ကောင်တာရှေ့ဝင်တန်းစီလိုက်တယ်။

အရှေ့မှာအသက်အစိတ်လောက်လူငယ်

တယောက်ဆေးဝယ်နေတယ်။ဒီနေ့ခတ်

လူငယ်တွေပုံစံကျောပိုးအိပ်နောက်မှာ

လွယ်ထားတယ်။


ဝယ်လိုက်တဲ့ဆေးတွေမှအများကြီး။

သွေးကျဆေး၊အကိုက်အခဲပျောက်ဆေး၊

ရင်ကြပ်ပန်းနာပျောက်ဆေး၊

ကျွန်တော်မသိတဲ့တဲ့ဆေးကဒ်

ဆေးအလွတ်တွေလည်းအများကြီး။


ဆေးအချို့ဗူးလိုက်ဝယ်ပြီးဆေးအချို့

တလစာတွက်ပြီးဝယ်တာကြားနေရတယ်။

ကျွန်တော်လည်းသူဆေးဝယ်နေတာ

စိတ်ဝင်တစားကြည့်နေမိတယ်။


လမ်းထိပ်ကဆေးဆိုင်ကဆိုင်ကြီး။

လက်လီလက္ကားရောင်းတယ်။

စိတ်ထင်ဒီချာတိတ်ကနယ်မှာဆေးဆိုင်

ဖွင့်ထားလို့ဒီလောက်ဆေးအများကြီး

ဝယ်နေတာထင်မိတယ်။


သူဝယ်တဲ့ဆေးတမျိုးခြင်း ကောင်တာက

သေသေချာချာထုတ်ပိုးပေးပြီးဘောက်ချာ

စာရွက်ရေးတယ်၊အားလုံးလေးသောင်းခွဲ

နီးပါးကျတယ်။ကျွန်တော်လည်းမနေနိုင်ပဲ

စပ်စုမိတယ်။


“ ညီလေးဆေးတွေများလှချည်းလား…”


“ ဟုတ်…ဦးလေး….တလစာပါ…. ”


ချာတိတ်ကကောင်တာကိုပိုက်ဆံ

ရှင်းရင်းကျွန်တော့်ဘက်လှည့်ပြောတယ်။


“ ဆေးဆိုင်ဖွင့်ထားတာလား….”


“မဟုတ်ဘူးဦး………မိဘတွေအတွက်ပါ”


ချာတိတ်ပြုံးရင်းပြောတယ်၊


“ ကျွန်တော်က လကုန်တာနဲ့အဖေတို့

အတွက်ဆေးအရင်ပြေးဝယ်တာပဲ ” 


သူကဆေးထုပ်ကိုသူ့နောက်ကျောပိုးအိပ်ထဲ

ဂရုတစိုက်ထည့်ရင်ပြောတယ်။


“ မိဘတွေကရန်ကုန်မှာလား”


“ မဟုတ်ဘူးဦး………နယ်မှာ”


ဆေးထည့်ထားတဲ့ကျောပိုးအိပ်လွယ်ရင်

လူငယ်လေးက……


“ သွားပြီဦး…ကားမှီအောင်ပြေးလိုက်ဦးမယ်”


ကျွန်တော်ရင်ထဲမှာဘယ်လိုမှန်းမသိတဲ့

ကျေနပ်ပီတိတခုဖြစ်မှုကိုရတယ်။

ဒီလူငယ်လေးကိုလေးစားမိတဲ့စိတ်ဖြစ်

လာတယ်။


လူနေမှုစားရိတ်ကြီးမြှင့်လှတဲ့ရန်ကုန်မှာ

တဝမ်းတခါလုပ်ကိုင်ရင်းနယ်မှာကျန်ခဲ့တဲ့

မိဘတွေကျမ်းမာရေးအတွက်လစဉ်

ဆေးဝယ်ပို့ပေးနေတဲ့လူငယ်လေးကို

အထင်ကြီးလေးစားမိတယ်။


ရန်ကုန်ကသူတို့သားလစဉ်ပုံမှန်ပို့ပေးနေတဲ့

ဆေးကိုရတဲ့နယ်ကမိဘတွေရန်ကုန်မှာ

အလုပ်လုပ်နေတဲ့သူတို့သားကျမ်းမာပါစေ

ချမ်းသာပါစေအထပ်ထပ်ဆုတောင်း

ပေးနေမှာသေချာပါတယ်။


လွင်ဦး(ရန်ကင်း)

Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.