ဇင်မာ

 “ ဇင်မာ ” လဖက်ရည်ဆိုင်စရောက်တော့အသက်(၁၉)နှစ်ကျော်။ဧရာဝတီတိုင်းမြို့ငယ်တခုကရွာလေးမှာနေတာ။ကရင်-ဗမာကပြားမလေး။ပိန်ပိန်ရှည်ရှည်ဖြူဖြူခြောက်ခြောက်။အဟာရမပြည့်ဝတဲ့နွမ်းပါးကလေးမျက်နာနဲ့။ဆယ်တန်းပြောပေမယ့်မဖြစ်လောက်ဘူး။


ရွာကနေအထက်တန်းကျောင်းရှိတဲ့ရွာကိုလမ်းလျှောက်ရတာ (၃)နာရီကြာတယ်။နေ့တိုင်းအသွားအပြန်လမ်းလျှောက်ချိန် (၆)နာရီ။ဆယ်တန်းတက်နေတုံးကိုဗစ်ဖြစ်တော့ကျောင်းရပ်သွားခဲ့တယ်။မိသားစုစားဝတ်နေရေးကြပ်တည်းလာလို့ရန်ကုန်လဖက်ရည်ဆိုင်မှာစားပွဲထိုးဖြစ်လာတယ်။


ဆိုင်ကိုသူ့အဖေကိုယ်တိုင်လာပို့ပြီးကြိုတင်နှစ်လစာနှစ်သိန်းနှစ်သောင်းထုတ်ယူသွားတယ်ပြောပြတယ်။ဘဝကိုပင်ပင်ပန်းပန်းဆင်းဆင်းရဲရဲဖြတ်သန်းနေရတဲ့ကလေးငယ်တွေမြင်ရတာသားသမီးခြင်းကိုယ်ခြင်းစာမိတယ်။ကိုယ့်သမီးထက်တောင်ငယ်သေးတယ်။


“ သမီး ကရင် နာမည်ဘာလဲ”

“ ဦးလေးအသံထွက်တတ်မှာမဟုတ်ဘူး၊ဇင်မာပဲခေါ်  ”


အသက် (၁၉)နှစ်အရွယ်အပျိုပေါက်ကိုအဖေလုပ်သူကလဖက်ရည်မှာထားခဲ့ပြီးရွာပြန်သွားတယ်။လဖက်ရည်ဆိုင်မှာ “ဇင်မာ” တို့ရွာနီးချုပ်စပ်ကရွယ်တူမတိမ်းမယိမ်းအများကြီး။အယောက် ၁၅-၂၀ ဆယ်လောက်ရှိမယ်။အများစုစားပွဲထိုး၊အချက်အပြုပ်အတွေ့အကြုံရှိသူကမီးဖိုခန်းမှာ။ဒိနေ့ခေတ်လဖက်ရည်ဆိုင်ဆိုတာသိတဲ့အတိုင်းအစုံရောင်းတာ၊တရုပ်စာ၊ရှမ်းစာ၊အသုတ်မျိုးစုံ၊လဖက်ရည်နဲ့အအေးဖျော်ရည်။


“ ငါမှာထားတဲ့ချိုကျ၊ခုပေါ့ကျဖြစ်နေတယ်၊ပြန်ပြင်ပေး ”


အသက်လေးဆယ်ကျော်လူကြီးတယောက်မာထန်ထန်ဟောက်သံနဲ့အတူဘာလုပ်ရမလဲမသိတဲ့မျက်နာဇီးရွက်လောက်နဲ့ဇင်မာယောင်နနဖြစ်နေတယ်။ဟိုလူကဒေါကြီးမောကြီးနဲ့လဖက်ရည်ခွက်ရှေ့တိုးပေးလိုက်တယ်။


အကင်းပါးတဲ့လူဟောင်းမိန်းကလေးစားပွဲထိုးတယောက်ကလဖက်ရည်ခွက်ကိုဇတ်ကနဲ့ယူပြီးဖျော်ခုံဆီပြန်ပို့လိုက်တယ်။ ဘေးနားမှာမျက်နာငယ်နဲ့မတုန်မလှုပ်ရပ်နေတဲ့တဲ့ဇင်မာ့မျက်နာသွေးမရှိတော့ဘူး။


ဆိုင်မှာသုံးလေးရက်အသားကျလာတော့ဇင်မာနည်းနည်းသွက်လာတယ်။အားရင်ကျွန်တော်တို့ဝိုင်းနားရပ်ပြီးစကားလာပြောတတ်တယ်။ကျမ်းမာရေးမကောင်းဘူး။အနေအစားဆင်းရဲတာလူမကြားအောင်တိုးတိုးပြောပြတယ်။ဝိုင်းနားတိုးတိုးလာပြောလိုက်၊ဆိုင်အလုပ်ဝိုင်းလုပ်လိုက်။ကြားထဲကိုယ့်ထက်စီနီယာကျတဲ့စားပွဲထိုးအခြင်းခြင်းအနိုင်ကျင့်ချင်တာငုံ့ခံလိုက်နဲ့ဇင်မာဘဝကိုတရွတ်တိုက်ဖြတ်သန်းနေရတယ်။


ကျမ်းမာရေးမကောင်းတာ။ညဘက်ကောင်းကောင်းအိပ်မပျော်တာ။ဆိုင်ကကျွေးတဲ့အစားအစာမျိုမကျတာပြောပြတတ်တယ်။ရွာကအ‌မေနဲ့မောင်လေးကိုသတိရတာအမြဲပြောပြတယ်။ဇင်မာကိုသနားကိုလို့မနက်ဆိုင်ထိုင်ဖြစ်ရင်မုန့်ဝယ်လာပေးတယ်။သူတဦးထဲပေးရင်အမြင်မတင့်တယ်လို့အခြားစားပွဲထိုးတွေကိုလည်းမုန့်အလှည့်ကျပေးလိုက်တယ်။ဇင်မာအလုပ်လုပ်ရင်းအားရင်ကျွန်တော်တို့ဝိုင်းနာမကြာခဏလာစကားပြောတတ်တယ်။အလုပ်တခုခုလုပ်နေတဲ့ပုံစံမျိုးနဲ့ဘေးနားကရပ်ပြောတာ။


စားပွဲထိုးအခြင်းစီနီယာကျသူကလူသစ်ကိုအနိုင်ကျင့်ချင်တာ။ဆိုင်ကပေးတဲ့ကုမ္ပဏီတီရှပ်ကိုရွာမှာကျန်ခဲ့တဲ့ညီမအငယ်အတွက်ပို့ပေးလိုက်တာ။ဆေးခန်းသွားရတာအစုံပဲ။ကျွန်တော်မဝတ်ဖြစ်တဲ့ရှပ်အင်္ကျီလေးငါးထည်ကိုဇင်မာအဖေ့အတွက်ဆိုပြီးသေသေချာချာထုပ်ပြီးလက်ဆောင်ပေးလိုက်တယ်။သူပျော်ပျော်ရွှင်ရွှင်ယူသွားတယ်။


လေးငါးလာကြာတော့ဇင်မာလူရည်လည်လာတယ်။ဆိုင်ကိုလာနေကြဟိုဝိုင်းဒီဝိုင်းနဲ့အလာပသလာပစကားပြောတတ်လာတယ်။စကား‌ပြောသံကျယ်လာတယ်။စားပွဲထိုးအခြင်းခြင်းအော်ဟစ်ရန်ဖြစ်တတ်လာတယ်။သနား အောင်ပြောတတ်လို့ဆိုင်လာဧည့်သည်ပေးတဲ့မုန့်ထုပ်၊အင်္ကျီလုံချည်အထုပ်လေးမကြာခဏသူရတတ်တယ်။


ဆိုင်ရောက်စကစကားတိုးတိုးပြောပြီးလူတိုင်းကိုကြောက်နေတဲ့ပုံစံကနေနောက်ဝင်လာတဲ့စားပွဲထိုးအသစ်ကိုသူကပြန်ဟောက်တဲ့အဆင့်ရောက်လာတယ်။သူ့ထက်ပိုစီနီယာကျတဲ့စားပွဲထိုးကိုခြေရာခြင်းတိုင်းလာတယ်။ဆိုင်ရှင်တရုပ်ကိုရင်းနှီးအောင်အလုပ်ကြိုးစားလုပ်ပြ၊အဆူအပြောခံပြီးအောက်သေကြေဇင်မာကြိုးစားရုန်ကန်လာခဲ့လို့လဖက်ရည်ဆိုင်မှာလစာတဖြည်းဖြည်းခြင်းတက်လာတယ်။ဆိုင်ရှင်ကဇင်မာ့အရေးပေးလာတယ်။ 


ဆိုင်ကိုပုံမှန်လာတဲ့ဧည့်သည်အကုန်လုံးနီးပါးကိုရင်းနှီးအောင်ပေါင်းပြီးပေးတာယူတယ်။ကျွေးတာစားတယ်။သူ့ကိုတခုခုခိုင်းလိုက်ရင်သူကိုယ်တိုင်မလုပ်တော့ပဲလူသစ်စားပွဲထိုးပေါက်စ လေးတွေကိုတဆင့်ပြန်ခိုင်းစားတတ်လာတယ်။


“ ဇင်မာရေ ရေနွေးတခွက်လောက်”


စားပွဲထိုးငယ်တယောက်ကိုသူတဆင့်လှမ်းခိုင်းလိုက်တယ်။အရင်ကျွန်တော်တို့ကိုမြင်ရင်ရေနွေးနှစ်ခွက်ကိုင်ပြီးရောက်လာနေကြ။တခုခုမှာချင်လို့လှမ်း‌ခေါ်ရင်မကြားချင်ယောင်ဆောင်တတ်တယ်။အရင်ကကျွန်တော်တို့အုပ်စုဆိုင်ထဲဝင်လာတဲ့တွေ့ရင်ဟိုးအဝေးကြီးကလှမ်းပြုံးပြတတ်ပေမယ့်အခုတော့တခါမှမမြင်ဘူးတဲ့လူကိုကြည့်သလိုပုံစံနဲ့။


တခါတလေဆိုင်ရှင်မရှိရင်ခပ်တည်တည်နဲ့ ကောင်တာစားပွဲဝင်ထိုင်တတ်လာတယ်။ကောင်တာစားပွဲထိုင်လိုက်ရင်ဇင်မာ့မျက်နာပေးကသူဌေးမကြီးတယောက်လိုတလောကလုံးထီမထင်တဲ့မျက်နာပေး၊ဖုန်းတောင်အသံကျယ်ကျယ်ဆက်လိုက်သေးတယ်။ 


စားပွဲထိုးတိုင်းအလုပ်ချိန်းဖုန်းမကိုင်ရပေမယ့်ဇင်မာကလစ်ရင်လစ်သလိုဖုန်းထုတ်ဆက်တတ်တယ်။တရက်ဆိုင်ရှင်မရှိတုန်းသူဖုန်းဆက်နေတာတွေ့တော့အနားကဖြတ်ရင်းပြုံးပြလိုက်တယ်။


“ အမိုးနေမကောင်းလို့ဦးလေးရေ ဆေးဝယ်ပေးရအုံးမယ် ”


ငိုမဲ့မဲ့ပြန်ပြောတယ်။ဆေးဖိုးအလှုဆိုပြီးလူမမြင်အောင်ငါးထောင်တန်တရွက်ပေးလိုက်တော့ဖတ်ကနဲယူပြီးသူ့အင်္ကျီကြားထဲထိုးထည့်လိုက်တယ်။


လဖက်ရည်ဆိုင်မှာဝန်ထမ်းမမြဲဘူး။ဒါပေမယ့်လိုသလောက်ဝန်ထမ်းအချိန်မရွေးခေါ်နိုင်တော့ဆိုင်ရှင်တရုတ်ကဝန်ထမ်းတွေထွက်လည်းဂရုမစိုက်ဘူး။ဇင်မာကအောက်သက်ကြေအောင်လုပ်ပြီးသူ့နေရာတခုခိုင်ခိုင်မာမာဖြစ်အောင်ဖြည်းဖြည်းခြင်းတက်လာပြီပါးနပ်တော့စားသောက်ဆိုင်မှာစားပွဲထိုးခေါင်းပုံစံဖြစ်လာတယ်။အရင်လိုလာသမျှလူကိုပြူပြူငှာငှာစကားပြောဖို့မလိုတော့ဘူး။သူ့အတွက်အကျိုးရှိမယ်ယူဆရတဲ့ဝိုင်းလောက်ပဲခဏတဖြတ်စကားလာပြောတယ်။


ဆိုင်မှာတလကိုနှစ်ရက်နားရက်ရကြတယ်။တရက်ဇင်မာနားရက်မှာသူ့ကောင်လေးနဲ့အပြင်ထွက်လည်ကြတယ်။ညနေစောင်းသူတို့အတွဲဆိုင်ထဲအဝင်ကျွန်တော်တို့ဆိုင်ထဲအရောက်ဆုံကြတယ်။ဘေးနားကကောင်လေးကသူ့ဘဲဖြစ်ကြောင်းဇင်မာအမူအယာနဲ့ပြတယ်။နောက်သုံးလေးရက်လူရှင်းတုန်းမေးကြည့်တော့။


“ သမီးတို့ရွာနားကပါ….ရန်ကုန်မှာအလုပ်လာရှာတာ…ဒီဆိုင်ထက်လစာကောင်းတဲ့ဆိုင်ရှာပြီးသူ့ကိုအလုပ်သွင်းပေးမလို့”


တနှစ်နီးပါးအတွင်းမှာတရွေ့ရွေ့ရင့်ကျက်ပြောင်းလဲလာတဲ့တောသူယောင်နနစားပွဲထိုးမလေးတယောက်ရဲ့ဘဝတစိတ်တပိုင်းကိုရုပ်ရှင်ပြနေသလိုတကွက်ခြင်းမြင်နေရတယ်။ဒီလိုပါးနပ်ပုံနဲ့တချိန်မှာလုပ်ငန်းရှင် "ဒေါ်ဇင်မာ" ဖြစ်ပါစေဆုတောင်းပေးတယ်။မိဘနဲ့မောင်လေးကိုကျွေးမွေးပြုစုနိုင်ပါစေ။

လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.