နမော်နမဲ့

 ကျွန်တော်ကလုပ်ချင်တာကိုစွတ်ရွတ်အတင်းအဓမ္မလုပ်တတ်တဲ့အကျင့်ရှိတယ်။အထူးသဖြင့်ယာဉ်စက်ကရိယာကိုသေချာမလေ့လာနားမလည်ပဲတက်ကလိတတ်တယ်။စက်ဘီးတောင်ကောင်းကောင်းမစီးတတ်ပဲဆိုင်ကယ်ဝယ်စီးဖူးတယ်။ 


Honda 50 cc ပုစဉ်းခေါ်တဲ့ဆိုင်ကယ်အသေးအစုတ်လေးဝယ်လာတာ။ 90 cc ဆူပါကပ်ဘဲခေါင်းစိမ်းဇီးရောင်တို့တသိန်းကျော်ခေတ်စားနေတဲ့အချိန်က 50 cc ပုစဉ်းနှစ်သောင်းလားပေးရတာဝယ်ချလာခဲ့တယ်။ဘယ်လိုစီးရမှန်းမသိပေမယ့်ခွတက်ပြီးစက်နိူးလိုက်တာပုစဉ်းပေါ်လူကားယားခွပါသွားတယ်။ပုစဉ်းက Kick Starter အင်ဂျင်မဟုတ်ဘူး။လူအလွန်ရှုတ်တဲ့တောင်ဥက္ကလာနန္ဒဝန်ဈေးကနေကံဘဲ့ဆရာအတတ်သင် (ရန်ကင်းပညာရေးကောလိပ်) ရှေ့ညဦးပိုင်းဘယ်လိုရောက်လာလဲမသိဘူး။


Honda ပုစဉ်းလေးကိုသုံးလေးရက်စီးကြည့်မှနည်းနည်းအသားကျလားတယ်။ဓါတ်ဆီနှစ်ပုလင်းထည့်ထားရင်သုံးလေးရက်မောင်းချင်သလိုမောင်းပေတော့။ ဒီကြားထဲ Suzuki 100 cc ဆိုင်ကယ်အစုတ်စီးပြောင်းစီးပြီးလပိုင်းအတွင်း Honda CB 650 ပလပ်လေးလုံး၊အိပ်ဇောလေးလုံး၊ ကာဗရိုက်တာလေးလုံး Luxury Custom (627 cc) ဆိုတဲ့ဆိုင်ကယ်ကွက်ပြောက်ကြီးကိုအလဲအထပ်လုပ်စီးလိုက်ပြန်တယ်။


ဝယ်ပြီးနှစ်ရက်ပဲရှိသေးတယ်ဆိုင်ကယ်ကြီးကစက်နိူးလို့မရတော့ဘူး။ရန်ကင်းကျောက်ကုန်းရတနာလမ်းဗလီနားကကိုဘခင်ဆိုင်ကယ်ဝပ်ရှော့ကိုဆိုင်ကယ်အကြီးကြီးကိုချွေးဒီးဒီးကျအောင်နာရီဝက်တွန်းသွားခဲ့ရဘူးတယ်။တယောက်ထဲတွန်းတာမနိုင်လို့သူငယ်ချင်းတယောက်နဲ့အတူနှစ်ယောက်တွန်းခဲ့ကြတာ။


ဆိုင်ကယ်မက္ကနစ်ကိုဘခင်ဆိုင်ကယ်ကိုဟိုကြည့်ဒီကြည့်လုပ်၊ပြီးမှဆီတိုင်ကီပေါက်ထဲချောင်းကြည့်ပြီး “ ဆီတစက်မှမရှိဘူး” တဲ့။ အင်ဂျင်ပါဝါအသေးဆိုင်ကယ်စီးနေတာကနေအင်ဂျင်ပါဝါကြီးဆိုင်ကယ်ကြီးရုတ်တရက်ပြောင်းစီးတာဆီအရမ်းစားမယ်မှန်းအစကမသိခဲ့ဘူး။ဆိုင်ကယ်အကြီးစီးချင်တာပဲရှိတယ်။ဒါနဲ့ဆိုင်ကယ်ထဲဆီဖြည့်လိုက်တော့စက်ကဝေါကနဲနိူးသွားတယ်။ရန်ကင်းရဲစခန်းရှေ့ကနေကျောက်ကုန်းရတနာလမ်းအထိခေါင်းငုံပြီးဆိုင်ကယ်တွန်းပေးခဲ့တဲ့သူငယ်ချင်းကပွစိပွစိ။ဒီလောက်တောင်ညံ့ရသလားပေါ့။


စုတ်ပြတ်သတ်နေတဲ့ဂစုတ် (ကားစုတ်)ဖီးယက်နဲ့လေးဘီးဗင်စီးပြီး မာဇာဒါဆီဒင်ကားပြောင်းစီးပြန်တယ်။တပတ်လောက်ကြာတော့ကားကဂီယာထိုးလို့မရဘူး။မြို့ထဲ ပုစွန်ထောင်မှာညဘက်။အဲ့ဒါနဲ့ကားကိုအနီးဆုံးဝပ်ရှော့ဆီရောက်အောင်နံပတ်တစ်ဂီယာနဲ့အတင်းမောင်းသွားခဲ့ရတယ်။စက်ဆရာကကားဘောနက်ဖွင့်ဟိုကြည့်ဒီကြည့်လုပ်ပြီးကျွန်တော့်ကိုနားမလည်နိုင်တဲ့မျက်နာပေးနဲ့။


“ ညီလေးဒီမှာကြည့်ပါအုံး”


သူပြတဲ့နေရာကြည့်လိုက်တော့ဂီယာဝိုင်ဗူးထဲမှာဆီတစက်မှမရှိဘူး။မာဇဒါဆီဒင်ကားကဘရိတ်ဆီနဲ့ဂီယာဝိုင်းနှစ်ဗူးပါတယ်။ကျွန်တော်ကကားသာမောင်းနေတာကိုယ့်ကားကိုဘရိတ်ဆီ၊ဂီယာဝိုင်၊အင်ဂျင်ဝိုင်းပုံမှန်စစ်ဖို့လိုမလို ကားမောင်းတတ်ပြီးတော်တော်ကြာမှသိတာ။တခါတလေသိရဲ့နဲ့မေ့တတ်တယ်။ဒါပေမယ့်ကားဘီး လေပေါင်ပြည့်မပြည့်မကြာခဏစစ်တတ်တဲ့အကျင့်ရှိတယ်။


Auto Gear စမောင်းတော့ Honda Fit ကားဂီယာဝိုင်ကိုသတ်မှတ်ချိန်ရောက်ရင်လဲရမယ်ဆိုတာကားလက်စွဲမှာရေးထားတယ်။ဒါပေမယ့်ကိုယ်က Manual Gear ပဲမောင်းလာတော့ Auto Gear ကားသဘောကိုသိပ်မသိဘူး။စမောင်းစအောက်မှာနင်းစရာနှစ်ခု (လီဘာ၊ဘရိတ်) ပဲရှိလို့စိတ်ကသိကအောက်ဖြစ်ရသေးတယ်။ အော်တိုဂီယာဝိုင်လဲချိန်တန်မလဲပဲအမှုမဲ့အမှတ်မဲ့ Auto Gear ကားမောင်းလိုက်တာနောက်ဆုံး Gear Box အုံလိုက်ချလဲလိုက်ရတာငါးသိန်းမြောက်သွားတယ် (၂၀၁၅)။


အဲ့ဒါလည်းအခုထိမမှတ်သေးဘူး။ကိုယ်မသိနားမလည်းတဲ့စက်ယန္တယားတခုခုတွေ့ရင်ကလိချင်တဲ့စိတ်ကရှိတုန်း။

လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.