ကမ်းနားဟိုတယ်၊ရန်ကုန်

 Strand Hotel နဲ့ပတ်သက်ပြီးမှတ်မှတ်ရရတခုကအသက် ၁၄ - ၁၅ လောက်အဖေနဲ့သူ့မိတ်ဆွေတယောက်ညဦးပိုင်း Strand Hotel သွားတာကားပေါ်လိုက်စောင့်ဖူးတယ်။လေးဘီးကိုလွစ္စလမ်း BSI ရုံးနားထားခဲ့ပြီးအဖေတို့ဟိုတယ်ပေါ်တက်သွားကြတယ်။ 


ညဆယ်နာရီလောက်အဖေတို့နှစ်ယောက်သိုင်းကွက်နင်းပြန်လာကြတယ်။မူးမူးနဲ့အဖေမောင်းတာ Strand Hotel ရှေ့ရပ်ထားတဲ့ဆလွန်းကားတစီးနောက်ဖင်ဝင်တိုက်မိတယ်။အရှိန်လည်းမများဘူး၊အစောင့်လည်းမသိတာနဲ့ခပ်တည်တည်ကားနောက်ဆုတ်ပြီးရန်ကင်းကိုဒယီးဒယိုင်ပြန်ရောက်လာတာသတိရမိသေးတယ်။


၁၈၉၅ ခုနှစ်ကဂျာမန်အဆင့်မြှင့်ကြေးစားဓါတ်ပုံကျွမ်းကျင်သူ Philip Adolphe Klier ရိုက်ထားတဲ့ Strand Hotel (ကမ်းနားဟိုတယ်)ဓါတ်ပုံပါ။ကမ်းနားဟိုတယ်ကို ၁၉ ရာစုနှောင်းပိုင်းဗစ်တိုးရီးယမ်းဗိသုကာလက်ရာနဲ့တည်ဆောက်ခဲ့တယ်။ 


အင်္ဂလိပ်ကိုလိုနီခေတ်ရန်ကုန်မြို့ကမ်းနားလမ်းက “ကမ်းနားဟိုတယ်” ကိုအင်္ဂလိပ်လုပ်ငန်းရှင် John Darwood က ၁၉၀၁ ခုနှစ်ဖွင့်လှစ်ခဲ့တယ်။နောက်ပိုင်းဟိုတယ်ကိုအာမေးနီးယန်းလူမျိုး Sarkies ညီအကိုများပိုင်ဆိုင်ခဲ့တယ်။Sarkies ညီအကိုများဟာနာမည်ကြီးစင်္ကာပို Raffles ဟိုတယ်နဲ့ဘန်ကောက် Oriental ဟိုတယ်များကိုတည်ဆောက်ပိုင်ဆိုင်ခဲ့တယ်။


ရန်ကုန်မြို့ကမ်းနားဟိုတယ်ဟာနေမဝင်ဗြိတိသျှအင်ပါယာမှအခမ်းနားဆုံးဟိုတယ်ဖြစ်ခဲ့တယ်။ကမ်းနားဟိုတယ်ဟာပိုင်ရှင်အမျိုးမျိုးပြောင်းပြီး ၁၉၃၇ ခုနှစ်မှာအကြီးစားပြင်ဆင်မှုလုပ်ခဲ့တယ်။ ၁၉၄၂ ခုနှစ်ဂျပန်သိမ်းပိုက်ထားတဲ့ရန်ကုန်မြို့မှာကမ်းနားဟိုတယ်ကို ဂျပန်စစ်တပ်ရိပ်သာအဖြစ်အသုံးပြုခဲ့တယ်။ဟိုတယ်ပိုင်ဆိုင်မှုကိုဂျပန်နိုင်ငံ Imperial ဟိုတယ် အုပ်စုကလွှဲပြောင်းယူခဲ့တယ်။


၁၉၄၈ လွတ်လပ်ရေးရပြီးကိုလိုနီခေတ်ဟိုတယ်ဖြစ်လို့ပစ်ပယ်ခံထားရတယ်။ ၁၉၆၃ မှာကမ်းနားဟိုတယ်ကိုစစ်တပ်ပိုင် စတလက (စက်မှုလက်မှုတိုးချဲ့လုပ်ကိုင်ရေးကော်ပိုရေရှင်း)ကလွှဲပြောင်းရယူခဲ့ပေမယ့်ပြုပြုင်ထိမ်းသိမ်းရေးအရမ်းညံ့ဖျင်းခဲ့တယ်။


၁၉၈၉ နဝတစစ်အစိုးရလက်ထက်မှာကမ်းနားဟိုတယ်ကိုအင်ဒိုနီးရှားဟိုတယ်လုပ်ငန်းစုနဲ့အကျိုးတူဆောင်ရွက်နေတဲ့ဦးဘားနဒ်ဖေဝင်းနဲ့ဖက်စပ်ပြုလုပ်ခဲ့တယ်။ကမ်းနားဟိုတယ်ကိုဘက်စုံပြုပြင်ပြီး ၁၉၉၃ မှာဟိုတယ်ပြန်ဖွင့်ခဲ့တယ်။၁၉၉၃ ခုနှစ်ကကမ္ဘာ့ထိပ်တန်းဟိုတယ်တခုအဖြစ်ကမ်းနားဟိုတယ်ရွေးချယ်ခံခဲ့ရတယ်။


၂၀၁၇ မှာရေကူးကန်နဲ့အားကစားခန်းမကိုကမ်းနားဟိုတယ်လက်ရှိပိုင်ရှင် GCP ဟိုတယ်လုပ်ငန်းစုကဖြည့်စွက်ခဲ့တယ်။သက်တမ်း ၁၂၁ နှစ်ရှိတဲ့ကြယ်ငါးပွင့်အဆင့်ရှိကမ်းနားဟိုတယ်ကိုရှေးဟောင်းအဆောက်အဦးအဖြစ်သတ်မှတ်ကာကွယ်စောင့်ရှောက်ထားတယ်။


အင်္ဂလန်မှာ၁၉၁၁ ခုနှစ်ထုတ်ဝေတဲ့ Murray’s Handbook မှာရန်ကုန်မြို့ “ကမ်းနားဟိုတယ်” ကိုလူကြီးလူကောင်းများအတွက်အရှေ့ဒေသဦးဆောင်ဟိုတယ် (Leading Hotel in the East) အဖြစ်ကြော်ငြာထည့်ခဲ့ဖူးတယ်။ရန်ကုန်မြစ်ကိုမျက်နာမှုထားတဲ့ကမ်းနားဟိုတယ်ရှေ့မှာဆီအုံးပင်များကိုမျက်စိပသာဒရအောင်စိုက်ပျိုးထားခဲ့တယ်။ 


ဂျာမန်လူမျိုး Klier ဟာမော်လမြိုင်မှာ ၁၈၇၁ ခုနှစ်ထဲကြေးစားဓါတ်ပုံဆရာအဖြစ်ရပ်တည်ခဲ့တယ်။သူဟာရန်ကုန်မှာအခြေစိုက်ပြီးအနုပညာမြောက်ရန်ကုန်ကိုလိုနီအဆောက်အအုံများကိုဓါတ်ပုံရိုက်စာအုပ်ထုတ်ဝေခဲ့တာဥရောပနိုင်ငံများနှစ်ချိုက်ကြတယ်။ကြေးစားဓါတ်ပုံဆရာ Klier ဟာမြန်မာလက်မှုအနုပညာပစ္စည်းများမြန်မာရှေးဟောင်းပရိဘောပစ္စည်းများနဲ့ငွေထည်ပစ္စည်းများအရောင်းအဝယ်လုပ်ပြီးထင်ရှားလာတယ်။

Ref : Online Gallery UK

လွင်ဦး(ရန်ကင်း)


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.