7th July ရန်ကုန်တက္ကသိုလ်

 ဦးလေးတယောက်လမ်းလျှောက်ရင်ထော့နှဲ့ထော့နှဲ့နဲ့။သူ့ညာဘက်ခြေသလုံးမှာကျစ်ခဲခဲကြီးဖြစ်နေတယ်။မေးကြည့်တော့သေနတ်မှန်တာတဲ့။နောက်အဖေ့မေးကြည့်တော့မှသိတယ်။ဦးလေးကတက္ကသိုလ်တက်တုံးကကျောင်းထဲကအဆောင်မှာနေခဲ့တာ။အင်းဝလားပင်းယလားမေ့နေပြီ။


၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့မဆလဗိုလ်နေဝင်းစစ်တပ်ကျောင်းဝင်းထဲဝင်ပစ်လို့မန္တလေးဆောင်ရှေ့မှာဦးလေး ညာခြေသလုံးကျည်ဆံမှန်ထားတဲ့ဒဏ်ရာပါ။ဦးလေးလည်းဆုံးသွားတာကြာပါပြီ။ဒီနေ့ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲစစ်တပ်သေနတ်နဲ့ဝင်ပစ်တဲ့  7th July နှစ်ပတ်လည်နေ့ပါ။


၁၉၆၂ မတ်လ ၂ ရက်နေ့မဆလစစ်တပ်ကနိုင်ငံတော်အာဏာကိုသိမ်းပိုက်ခဲ့တယ်။ရန်ကုန်တက္ကသိုလ်စည်းမျဉ်းစည်းကမ်းတင်းကြပ်ပြီးတက္ကသိုလ်ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်ကိုစစ်အစိုးရအဆုံးသတ်လိုက်တာတက္ကသိုလ်ကျောင်းသားများအုံကြွဖို့ဖြစ်ပေါ်လာတဲ့နောက်ခံအကြောင်းတခုပါ။


အာဏာရှင်ဗိုလ်နေဝင်းခေါင်းဆောင်တဲ့စစ်တပ်ကဒီမိုကရေစီနုနုမြန်မာနိုင်ငံတော်ကိုအာဏာသိမ်းလိုက်တာကြောင့်ရန်ကုန်တက္ကသိုလ်ကျောင်းသားများဦးဆောင်ပြီးတပြည်လုံးကကျောင်းသားတွေငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြခဲ့ကြတာပါ။


ဒါကြောင့် ၁၉၆၂ ခုနှစ် ဇူလိုင် ၇ - ၈ နှစ်ရက်ရန်ကုန်တက္ကသိုလ်ကျောင်းသား ၂၀၀ ကျော်စစ်အစိုးရကိုဆန္ဒပြချီတက်ပွဲကိုရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲမှာငြိမ်းချမ်းစွာစုဝေးကျင်းပခဲ့ကြတယ်။


ဒါပေမယ့်အာဏာရှင်စစ်တပ်က

အကြမ်းဖက်သေနတ်နဲ့ပစ်ခတ်နိုမ်နှင်းလို့ကျောင်းသားရာချီသေဆုံးပြီးသုံးထောင်ကျော်အဖမ်းခံခဲ့ရတယ်ခိုင်လုံသတင်းရင်းမြစ်များမှာဖေါ်ပြခဲ့တယ်။အာဏာသိမ်းမဆလစစ်အစိုးရကသေဆုံးသူကျောင်းသား ၁၅ ယောက်ပဲရှိတယ်ကျေညာခဲ့တယ်။ 


၁၉၆၂ ဇူလိုင် ၇ နေ့ကျောင်းဝင်းထဲပစ်ခတ်သတ်ဖြတ်ပြီးကျောင်းဝင်းထဲမှာ ၁၉၂၀ တက္ကသိုလ်တည်ထဲကရှိခဲ့တဲ့သမိုင်းဝင်ကျောင်းသားသမဂ္ဂကိုအာဏာရှင်ဗိုလ်နေဝင်းစစ်တပ်ကဇူလိုင်(၈) ရက်နေ့မှာဒိုင်းနမိုက်နဲ့ဖေါက်ခွဲဖျက်ဆီးပစ်ခဲ့တယ်။


၁၉၆၂ စစ်တပ်နိုင်ငံ့အာဏာသိမ်းပြီး 7th July ကျောင်းသားအရေးအခင်း၊တရုပ် - ဗမာအရေးအခင်း၊အလုပ်သမားအရေးအခင်း၊ဦးသန့်အရေးအခင်း၊မှိုင်းရာပြည့်အရေးအခင်းစတဲ့စစ်အာဏာရှင်စနစ်ကိုဖီဆန်တဲ့အရေးတော်ပုံများစွာဗမာပြည်မှာဆင့်ကဲဖြစ်ပေါ်ခဲ့ပြီးအဆုံးမသတ်နိုင်ပဲတိုင်းပြည်စုတ်ပြတ်သတ်တာဒီနေ့အထိပါ။


ကျနော်တို့ငယ်ငယ်ရွှေတိဂုံတောင်ဘက်မုဒ်အခုကန်တော်မင်္ဂလာပန်းခြံထဲရပ်ထားတဲ့တင့်ကားသံချပ်ကားမြင်ဖူးတယ်။ပြည်သူပြောမရဆိုမရအုံကြွလာရင်နှိမ်နှင်းဖို့စစ်အာဏာရှင်ကလူသတ်လက်နက်အသင့်ပြင်ထားတာ။


ကျနော်မူလတန်းအလယ်တန်းပဲရှိသေးလို့ကျောင်းခဏခဏပိတ်လေကြိုက်လေပဲ။ငယ်စဉ်က 7th July အရေးအခင်းဆိုတာဘယ်အရေးအခင်းကိုဆိုလိုမှန်းကောင်းကောင်းမသိခဲ့ဘူး။၁၉၈၈ နောက်ပိုင်းမျိုးဆက်သစ်ဆို ၁၉၈၈ ရှေ့ပိုင်းအရေးအခင်း‌ရိုမှတ်ရတာများလို့အခန့်မသင့်လည်ထွက်သွားနိုင်တယ်။


ကျောင်းသားများလက်နက်မပါပဲ 

ငြိမ်းငြိမ်းချမ်းချမ်းကျောင်းဝင်းထဲမှာသပိတ်မှောက်တာကိုအာဏာရှင်စစ်တပ်ကသေနတ်နဲ့အကြမ်းဖက်ပစ်သတ်လို့ရန်ကုန်တက္ကသိုလ်မှာသွေးစွန်းခဲ့ပြီးနာမည်ကျော် 7th July  အရေးအခင်းက ၁၉၆၂ ဖြစ်ခဲ့တာ။၁၉၆၂ ဇူလိုင် (၈) ရက်ကျောင်းသားသမဂ္ဂဗုံးခွဲဖျက်ဆီးအပြီးနေ့ခင်းမှာစစ်အာဏာသိမ်းဗိုလ်နေဝင်းက‌ရေဒီယိုကအသံခက်ခက်ထန်ထန်နဲ့။


“ ငါတို့ (တော်လှန်ရေးကောင်စီ/စစ်အစိုးရ)ကိုစိမ်ခေါ်ရင်ဓါးဓါးခြင်း၊လှံလှံခြင်းအပြတ်ချေမှုန်းမယ် ” ဆိုပြီးကျောင်းသားနဲ့ပြည်သူတရပ်လုံးကိုသေနတ်ခါးထိုးသမိုင်းဝင် "စိန်ခေါ်" ခဲ့လို့ပြည်သူအများနာကျည်းခဲ့ကြတယ်။


စစ်တပ်အာဏာသိမ်းပြီး ၁၉၆၂ ကနေ ၁၉၆၄ ခုနှစ်အထိတပြည်လုံးကတက္ကသိုလ်ကောလိပ်ကိုဗိုလ်နေဝင်းပိတ်ပစ်လိုက်တယ်။တိုင်းပြည်မှာဘာအရေးအခင်းဖြစ်ဖြစ်စစ်တက္ကသိုလ်ကလွှဲရင်ကျန်တက္ကသိုလ်ကောလိပ်စာသင်ကျောင်းအားလုံးရက်အကန့်အသတ်မရှိအကုန်ပိတ်ပစ်လေ့ရှိတာတိုင်းပြည်ပညာရေးနိုမ့်ကျရတဲ့အကြောင်းရင်းတခုပါ။


တော်လှန်ရေးကောင်စီဥက္ကဋ္ဌအနေနဲ့ မဆလဗိုလ်နေဝင်းဟာတိုင်းပြည်ကို ၁၉၆၂ ကနေ ၁၉၇၄ အထိသံလက်သီးနဲ့တင်းတင်းကြပ်ကြပ်အုပ်ချုပ်ခဲ့တယ်။၁၉၆၂ မတ်လ ၂ ရက်စစ်တပ်အာဏာသိမ်းတော့ကျနော်ကိုးလသားရှိသေးတယ်။စစ်တပ်လက်နက်နဲ့အနိုင်ကျင့်လို့သွေးစွန်းခဲ့ရတဲ့ 7th July အရေးတော်ပုံကိုမမေ့ကြဖို့နောင်တော်အကိုကြီးများဆင့်ကဲလက်ဆင့်ကမ်းလာခဲ့တာ ၆၁ နှစ် ရှိပါပြီ။


ငုံးမွေးတဲ့ဗိုလ်ချုပ်၊ပျားမွေးတဲ့ဗိုလ်ချုပ်၊ကြက်ဆူစိုက်တဲ့ဗိုလ်ချုပ်၊ကုမ္မဏီမျိုးစုံထောင်တဲ့ဗိုလ်ချုပ်များကိုဒဏ်ရာဒဏ်ချက်ပေါင်းစုံနဲ့မြန်မာပြည်ဖြတ်သန်းနေတာ 7th July ဆယ်စုနှစ်‌ခြောက်စုကျော်ရှိခဲ့ပြီ။ဒေါ်အောင်ဆန်းစုကြည်တခါပြောဘူးသလို ၁၉၆၂ ကနေ ၂၀၁၂  နှစ်ငါးဆယ်အတွင်းမွေးဖွားကြီးပြင်းခဲ့သူတိုင်းဒဏ်ရာဒဏ်ချက်တွေချည်းနဲ့ပဲတဲ့။


ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲမကြာခဏရောက်ဖြစ်တယ်။ကျောင်းသားသမဂ္ဂနေရာရောက်ရင်အမြဲတန်းလှည့်ကြည့်ဖြစ်တယ်။သမဂ္ဂပြန်ဆောက်မလိုဖြစ်ပြီးမဆောက်ဖြစ်ပဲစုပုံထားတဲ့ဆောက်လုပ်ရေးပစ္စည်းပုံကြီးကိုသမဂ္ဂ‌နေရာမှ NLD အစိုးရလက်ထက် ၂၀၁၆ - ၁၇ ကတွေ့ခဲ့ရတယ်။ 7th July 1962 မှာကျောင်းသားများသွေးနဲ့ရင်းခဲ့ရတဲ့ကျောင်းသားသမဂ္ဂအဆောက်အဦးအသစ်ကြီးတနေ့ပြန်မြင်ရမယ်ယုံကြည်တယ်။

လွင်ဦး(ရန်ကင်း) 


Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.