ဖေ့ဘွခ်ပိတ်ခံရခြင်း

 ကျွန်တော်ကမနက်လေးခွဲထ၊ငါးနာရီကနေငါးနာရီခွဲအထိရန်ကင်းဂရုပ်သန့်ရှင်းရေးလုပ်၊ငါးနာရီခွဲလမ်းလျှောက်၊ဒီလိုနေခဲ့တာနှစ်ပေါင်းများစွာ။အဲ့ဒီနေ့ကမနက်ထုံးစံအတိုင်းရန်ကင်းဂရုပ်ထဲဝင်ကြည့်နေတုန်း Facebook Team စာရုတ်တရက်ဝင်ချလာတယ်။


“ ခင်ဗျား…Facebook ကသတ်မှတ်ထားတဲ့လူ့အဖွဲ့အစည်းဆိုင်ရာစံချိန်စံညွှန်းကိုဖေါက်ဖျက်လို့ခင်ဗျားနောင် Facebook သုံးခွင့်မရှိတော့ဘူး…သဘောတူလား ”


ကျွန်တော်ပထမကြောင်သွားတယ်။ဘာများလဲ၊တလောကလည်း ၇၂ နာရီ FB သုံးခွင့်မရှိဘူးတခါဖြစ်သေးတယ်၊အဲဒါနဲ့။


“ မတူဘူး ”

“ မတူရင်ခင်ဗျားဖုန်းနံပတ်ပေး…လျှို့ဝှက်ကုဒ်နံပတ်ပို့လိုက်မယ်…ပြန်ပို့ပေး ”


ကျွန်တော့်ဖုန်းနံပတ်ပေးလိုက်တော့တိန်ကနဲဂဏန်းခြောက်လုံးဝင်လာတယ်။အဲ့ဒီဂဏန်းခြောက်လုံးပြန်ပို့ပေးလိုက်တော့ FB က။


“ ခင်ဗျားကလူလားစက်လားသိချင်လို့အတည်ပြုတာပါ…ခင်ဗျား ID ကဒ်ပို့ပေး ”


နိုင်ငံသားကဒ်သွားယူပြီးစကန်ဖတ်ပို့ပေးလိုက်တယ်။မပြီးသေးဘူးသူတို့က။


“ ခင်ဗျားကို Video Clip ရိုက်မယ်…သဘောတူလား…ကျွန်တော်တို့ခင်ဗျား Clip ကိုမဟုတ်တာတလွဲမသုံးဘူးတာဝန်ယူတယ် ”


မနက်စောစောနေသိပ်မပွင့်သေးတဲ့အချိန်ဖြစ်လို့ဘုရားစင်ရှေ့အလင်းရောင်အောက်သွားပြီး Facebook ချပေးထားတဲ့ App ကဆင့်မျက်နာရှေ့တည့်တည့်၊ညာဘက်မျက်နှာလည့်၊မျက်နှာရှေ့တည့်တည့် (Kpay အကောင့်ဖွင့်သလို) ရိုက်ပြီးသူတို့ဆီပို့လိုက်တယ်။


“ ခင်ဗျား Video Clip မကောင်းဘူး..နောက်တခေါက်ပြန်ရိုက်ပို့ ” 


ဒါနဲ့နောက်တခေါက်ထပ်ရိုက်ပြီးပို့လိုက်တော့စာတစောင်ကျလာတယ်။အနှစ်ချုပ်ကကျွန်တော့် FB Account ကိုစီစစ်မယ်။အချိန်နည်းနည်းယူမယ်။FB သတ်မှတ်ထားတဲ့လူမှုစံချိန်စံညွှန်းဖေါက်ရင် FB ကိုလုံးဝသုံးခွင့်မရှိတော့ဘူး။အကယ်လို့စည်းကမ်းဖေါက်ဖျက်တာမတွေ့ရင် FB ပြန်သုံးခွင့်ပြုမယ်ရေးထားတယ်။ဒါနဲ့စာညာဘက်ထောင့်ထိပ်က Help နှိပ်ကြည့်လိုက်တော့။


(၁) စာရွက်စာတမ်း Download ဆွဲမယ်။

(၂) ဘာသာစကားရွေးမယ်။

(၃) Log Out လုပ်မယ်တွေ့တယ်။Log Out လုပ်မယ်ရွေးလိုက်တော့စာတခုထပ်ကျလာတယ်။ 


“ မင်း Log Out လုပ်မယ်ဆိုရင်လူမှုစံချိန်စံညွှန်းစည်းကမ်းမဖေါက်ဖျက်သည့်တိုင်အောင်အကောင့်ပြန်ပွင့်ဖို့ ၁၇၄ ရက်ကြာမယ် ”


စာအောက်မှာ Cancel နဲ့ Log Out နှစ်ခုတွေ့တာ Log Out လုပ်လိုက်တယ်။တချိန်ထဲမှာကျွန်တော့် Email ဆီစာဝင်လာတယ်။ FB လူမှု့စံချိန်စံညွှန်းဖေါက်ဖျက်လို့ FB ကို "အမြဲတန်း" သုံးခွင့်မရှိတော့ဘူးတဲ့။စောစောကစာထဲမှာကျွန်တော့်အကောင့်စီစစ်ဖို့ရက်နည်းနည်းယူမယ်တဲ့။

………


ဆယ်နှစ်ကျော်တယုတယရေးလာတဲ့ကိုယ့်ဘဝအခြေပြမှတ်တမ်းစာအုပ်ကိုစာအုပ်လက်ဆောင်ပေးခဲ့သူကရုတ်တရက်ဆောင့်ဆွဲပြီးဆွဲစုတ်မီးရှို့ပစ်လိုက်မယ်ခြိမ်းခြောက်သလိုခံစားခဲ့ရတယ်။Facebook ကစာအုပ် (FB Account) ကျွန်တော့်ကိုလက်ဆောင်ပေးခဲ့တာပါ။ကျွန်တော်ဘာတခုမှအမှားမလုပ်ခဲ့ဘူး။ဒါပေမယ့်ဖြစ်နိုင်ချေနှစ်ခုရှိတယ်။


တခုက AI (Artificial Intelligence), ဒါမှမဟုတ် Software အမှားတခုခုကြောင့်ဖြစ်နိုင်တယ်။နောက်တခုကကျွန်တော့်အကောင့်ကိုတချိန်ထဲတပြိုင်ထဲမှာအကောင့်အများကြီးနဲ့ Report ဝိုင်းထုကြတာလား (DOS)။


မြန်မာနိုင်ငံအတွက် Facebook Team စင်ကာပူမှာရှိတယ်။မြန်မာဝန်ထမ်းလည်းရှိတယ်။သမ္မတဦးသိန်းစိန်လက်ထက်မြန်မာနိုင်ငံကိုတရားဝင်ကိုယ်စားလှယ်အဖွဲ့လာဖူးတယ်။


ကျွန်တော့်ရင်နဲ့ရေးသားပို့စ်တင်ခဲ့တဲ့စာအုပ် (မူလ Facebook Account) ရလိုရငြားစောင့်ကြည့်ရပါအုံးမယ်။ကြားထဲမှာအခုအကောင့်အသုံးပြုပါမယ်။ပြန်မရရင် " ဖြစ်ပြီးရင်ပျက်တယ် " ပဲမှတ်ရမှာပဲ။

လွင်ဦး(ရန်ကင်း)

Comments

Popular posts from this blog

ရှစ်လေးလုံး

သမီးမွေးနေ့

Killing me softly with this song.